လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုမြင့်တက်နေသည့် ဘုန်းတော်ကြီးပညာသင်ကျောင်းကို စစ်ဆေးမည်


တောင်ကြီးမြို့နယ်၊ အေးသာယာမြို့က ရန်တိုင်းအောင် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ကလေးတွေရဲ့ စားဝတ်နေရေးကိစ္စတွေနဲ့ပတ်သက်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်ရေးသားခဲ့တဲ့ ပို့စ်တစ်ခုကြောင့် ရှမ်းပြည်နယ်အစိုးရက စုံစမ်းမေးမြန်းတာတွေ ပြုလုပ်သွားမယ်လို့ ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီပိုစ့်ကို ကျောင်းမှာစေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကိုချမ်းသာဆိုသူက စိုင်းလူခေးအကောင့်နဲ့ တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအကောင့်ပိုင်ရှင်ဟာ အေးသာယာမြို့၊ ရန်တိုင်းအောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ(၆)လကျော်ကြာ လေ့လာထားတာတွေကို လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။ “ ဒီကျောင်းမှာ ဦးကုသလကို မကြိုက်ဘူး။ အမြဲတမ်း ဆဲလို့။ ရိုက်လည်းရိုက်တယ်။ ကိုရင်တွေကိုလည်း ပါးရိုက်တယ်။ ထမင်းချက်ရင်လည်း စားလို့မကောင်းဘူး။ အလှူရှင် လာလှူရင်လည်း ဘုန်းကြီးက မဝေပေးဘူး။ နေရတာ လည်း အဆင်မပြေဘူး” စတဲ့ကလေးတွေကိုယ်တိုင်ရေးထားတဲ့ စာတွေကိုပါ ပို့စ်အတွင်း မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ စိုင်းလူခေး အကောင့်ပိုင်ရှင် ကိုချမ်းသာက “ဒီအချက်အလက်အကုန်ကတော့ ကျွန်တော်လဲ (၆)လကျော်ကြာ ကလေးတွေနဲ့ အတူနေခဲ့တဲ့အတွက် အကုန်လုံးက ကျွန်တော်တို့ အပို အလို ရေးထားတာ မရှိဘူး။ ပို့စ်အတွက်လဲ ကျွန်တော် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ တင်ခဲ့တယ်” လို့ ပြောပါတယ်။


အဲဒီကလေးတွေရေးသားထားတဲ့စာကို ကျောင်းရဲ့စေတနာ့ဝန်ထမ်းအဖြစ် ဓမ္မစကူး ဘာသာရပ် သင်ကြားပေးတဲ့ ဆရာမ ဒေါ်နန်းစိန်ဖြူထံက ရရှိခဲ့တာဖြစ်ပါတယ်။ ကလေးတွေကို သင်ကြားပေးခဲ့တဲ့ ကာလအတွင်း ကြုံတွေ့ခဲ့ရတာတွေနဲ့ပတ်သက်ပြီး ဆရာမ ဒေါ်နန်းစိန်ဖြူက “သူတို့နေရတာတွေ စားရတာတွေ အဆင်မပြေဘူးရှင့်။ နေရတယ်ဆိုလဲ သန့်ရှင်းမှု မရှိဘူး။ခေါင်းအုံးတွေလဲ တချို့လှူပေးပါတယ်။ ခေါင်းအုံးတွေ၊စောင်တွေမရှိတာ၊စားရတဲ့အခါကျတော့လဲ အလှူရှင်လာတဲ့အခါကျမှ ကောင်းကောင်းမွန်မွန်စားရတယ်။ ဖြစ်စေချင်တာကတော့ ဒီကလေးတွေ ကောင်းကောင်းမွန်မွန်နေရဖို့ ကောင်းကောင်းမွန်မွန်စားရဖို့အတွက်ပဲ စိတ်ထဲရှိတယ်။ ဒီကလေးတွေက အလှူရှင်တွေနဲ့ပဲ ရပ်တည်နေရတယ်ဆိုတော့ အလှူရှင်တွေမလာမှာကိုလဲ တကယ်ကြောက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


ရန်တိုင်းအောင် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တဝိလာသကတော့ အဲဒီပို့စ်ပါအချက်တွေနဲ့ပတ်သက်လို့ လာရောက်စစ်ဆေးနိုင်ပြီး အမှန်တကယ်အပြစ်ရှိပါက အရေးယူခံသွားမယ်လို့ အခုလို မိန့်ကြားပါတယ်။ “ဒီကလေးတွေကို ဘုန်းဘုန်းက အသုံးချနေတာ မဟုတ်ဘူး။ ဒီပို့စ်တွေကို သူကတင်ပြီးတော့ သူ့ဂရုကောင်းအောင် အလှူရှင်များအောင် သူတို့က အသုံးချနေကြတာ။ သူက ဒီကလေးတွေအပေါ် တကယ် စေတနာ၊မေတ္တာထားတယ်ဆိုရင် ဒီလိုတင်ပြီးလျှောက်ပြောနေမယ့်အစား အမှန်တကယ် ကလေးသူငယ်ဆိုင်ရာအခွင့်အရေးချိုးဖောက်ပြီး အနိုင်ကျင့်နေပါတယ်ဆိုတာကို အာဏာပိုင်အဖွဲ့အစည်း၊ လူမှုဝန်ထမ်းအဖွဲ့အစည်း၊ ရပ်မိရပ်ဖတွေနဲ့ အရေးယူ စစ်ဆေးပြီး တည်ဆဲဥပဒေအရ အရေးယူလိုက်ပါ။အကုန်လုံးခြုံလိုက်တော့ ဘုန်းဘုန်းတစ်ကျောင်းထဲနဲ့ ကျန်တဲ့ ပရဟိတကျောင်းတွေပါ ထိခိုက်တယ်လို့ ကြားရတော့ စိတ်မကောင်းဘူး” လို့ မိန့်ကြားပါတယ်။


ရန်တိုင်းအောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို လွန်ခဲ့တဲ့(၁၉)နှစ်ကတည်းက တည်ထောင်ခဲ့ပြီး (၂၀၁၆)ခုနှစ်က သင်ကြားမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကျောင်းမှာ (KG)တန်း ကနေ (၇)တန်းအထိ ကလေးငယ်ပေါင်း(၂၀၀)ကျော်ကို ဆရာ၊ဆရာမ(၉)ယောက်ကသင်ကြားပေးနေပါတယ်။

By ဇော်မိုးဦး၊ သန်းထိုက်အောင်
https://www.onenewsmyanmar.com

လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုမြင့်တက်နေသည့် ဘုန်းတော်ကြီးပညာသင်ကျောင်းကို စစ်ဆေးမည် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုမြင့်တက်နေသည့် ဘုန်းတော်ကြီးပညာသင်ကျောင်းကို စစ်ဆေးမည် Reviewed by THITHTOOLWIN on 14:30 Rating: 5
Powered by Blogger.