လက်လုပ်ဗုံးကို ဓားဖြင့်ခေါက်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်၍ လူ ၂ ဦးဒဏ်ရာရ

(ဒဏ်ရာရသူ တစ်ဦးကို မောင်တောဆေးရုံတွင် တွေ့ရစဉ်)
နိရဉ္စရာ၊ ဒီဇင်ဘာ ၁၁

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်၊ မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံကျေးရွာနေ မြို တိုင်းရင်းသား၂ ဦးသည် သူတို့တွေ့ရှိခဲ့သည့် လက်လုပ်ဗုံးတစ်လုံးကို ပါလာသည့် ဓါးဖြင့် ခေါက်ကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပြီး ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

" သူတို့ မနေ့က ငါးရှာဟင်းခူးသွားကြတာပါ။ လူသူမပြတ် အမြဲလူသွားလူလာရှိတဲ့ လမ်းပေါ်မှာ လက်လုပ်ဗုံးတစ်လုံးကို တွေ့တယ်။ တွေ့တော့ သံချေးတက်နေပြီး မပေါက်တော့ဘူးထင်လို့ ဓားနဲ့ ခေါက်ကြည့်ချိန်မှာ ပေါက်ကွဲသွားတာပါ။ နှစ်ယောက်လုံး ဒဏ်ရာရပါတယ်"ဟု လောင်းဒုံ အုပ်ချုပ်ရေးမှူး ဦးရဲကျော်က နိရဉ္စရာသို့ ပြောသည်။

ဒဏ်ရာရရှိသူများမှာ လောင်းဒုံကျေးရွာမှ မြိုလူမျိုး ကိုကံပြည်(၁၉) နှစ်နှင့် ကိုသာပေါ(၂၀) နှစ်တို့ ဖြစ်ကြသည်။

ကိုကံပြည်တွင် ဝဲဘက်လက်နှင့် မျက်နှာတွင် မီးလောင်ဒဏ်ရာရှိခဲ့ပြီး ကိုသာပေါတွင် မျက်နာနှင့် ခြေသလုံးတို့တွင် ပွမ်းပဲ့ဒဏ်ရာများ အသီးသီးရရှိသွားခဲ့ကြပြီး ယခုအခါ မောင်တော ပြည်သူ့ဆေးရုံတွင် တင်ထားရသည်ဟု သိရသည်။

“ စိုးရိမ်စရာမရှိပါဘူး။ လက်လုပ်ဗုံးက ဟိုမနှစ် အရေးအခင်းကတည်းက အာဆာအကြမ်းဖက်သမားတွေ ထောင်ထားခဲ့တဲ့ လက်လုပ်ဗုံး ဖြစ်ပါတယ်” ဦးရဲကျော်က နိရဉ္စရာ သတင်ဌာနသို့ ပြောသည်။

လက်လုပ်ဗုံး ပေါက်ကွဲချိန်မှာ ယမန်နေ့ မွန်းလွဲ ၂နာရီ ခန့် က ဖြစ်ကြောင်း၎င်းက ပြောကြားသည်။

သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
လက်လုပ်ဗုံးကို ဓားဖြင့်ခေါက်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်၍ လူ ၂ ဦးဒဏ်ရာရ လက်လုပ်ဗုံးကို ဓားဖြင့်ခေါက်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်၍ လူ ၂ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.