ဟွန်ဒီငွေလွှဲမှုကြောင့် မြန်မာ ၅ ဦး ကို ဂျပန်ရဲ ဖမ်းဆီး


ဂျပန်နဲ့မြန်မာ နှစ်နိုင်ငံကြား တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မှု စွပ်စွဲချက်နဲ့ ဂျပန်မှာနေထိုင်တဲ့ မြန်မာ ၅ ဦးကို ဂျပန်ရဲက ဖမ်းဆီးလိုက် ပါတယ်။ အခုလို တရားမဝင် ငွေလွှဲလုပ်ငန်း ဖွံ့ဖြိုးနေရတာဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်လုပ်ငန်းတွေရဲ့ ဝန်ဆောင်မှု အားနည်းချက် တွေကြောင့်ဖြစ်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ဂျပန်နိုင်ငံ တိုကျိုမြို့ အိုးစုခအရပ်မှာ မြန်မာကုန်စုံဆိုင်ဖွင့်ပြီး၊ မြန်မာနိုင်ငံကို ဂျပန်ဆိုင်ကယ်နဲ့ ကားအဟောင်း တင်သွင်းနေတဲ့ လုပ်ငန်းရှင် တဦးအပါအဝင် စုစုပေါင်း မြန်မာ(၅)ဦးကို တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မှုနဲ့ ဂျပန်ရဲက ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဂျပန်ပြည်တွင်း ရုပ်သံဌာနတခုဖြစ်တဲ့ ANN ကမနေ့က ကြေညာခဲ့တာပါ။

အဆိုပါ မြန်မာလုပ်ငန်းရှင်တွေဟာ ၂၀၀၉ ခုနှစ်ကနေ ခုချိန်ထိ တရားမဝင် ငွေလွှဲလုပ်ငန်းကနေ အမြတ်ငွေပေါင်း ဂျပန်ယန်း သန်း(၁၃၀) ကျော် ရရှိခဲ့တာကို ဂျပန်ရဲက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ANN ရုပ်သံက ပြောသွားတာဖြစ်ပါတယ်။

ဂျပန်မှာအလုပ်လုပ်နေတဲ့ မြန်မာ ၄ဦးက ပြီးခဲ့တဲ့သြဂုတ်လအတွင်း မြန်မာနိုင်ငံကို ဂျပန်ယန်းငွေ (၂၃)သောင်းလွှဲခဲ့တဲ့ကိစ္စပေါ် ဂျပန်ရဲတွေ ခြေရာခံ စောင့်ကြည့်ခဲ့ရာက အခုလို ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ တိုကျိုမြို့နေ မြန်မာအမျိုးသမီးတဦးက VOA ကိုရှင်းပြပါတယ်။

"ကလျာမိုးဆိုတာက ဒီမှာ work permit နဲ့နေတာ သူ့အမျိုးသားကတော့ ကိုခင်မောင်ကြီး သူတို့က Sugamo မှာနေပါတယ်။ အဲဒီမှာနေပြီးတော့ မြန်မာကုန်စုံဆိုင်လေးလိုမျိုး ဆိုင်လေးသေးသေးလေး ဖွင့်ထားတယ်။ ပြီးတော့ ရန်ကုန်ကိုလည်း ဆိုင်ကယ်အဟောင်းတွေ ပို့ပါတယ်။ ပြီးတော့ မြန်မာပြည်မှာ ပိုက်ဆံပို့ချင်တယ်ဆိုရင် ဒီက Yen ယူပြီးတော့ ရန်ကုန်မှာ မြန်မာငွေပေးပေးတယ်။ ပြီးတော့ ရလာတဲ့ Yen တွေကို ဒီမှာ ရန်ကုန်ကနေ ကားအော်ဒါတွေရှိရင် ရန်ကုန်က ကားမှာတဲ့ ငွေပမာဏကို ဒီကနေ Yen နဲ့ သွင်းပြီး မြန်မာပြည်မှာ မြန်မာကျပ်ကို လက်ခံတယ်ပေါ့နော် အဲဒါက ဂျပန်နိုင်ငံအနေနဲ့ဆိုရင်တော့ တရားမ၀င်ဘူးပေါ့နော် အဲဒီ တရားမ၀င်တဲ့အတွက်ကြောင့် သူတို့အဖွဲ့ကို ရဲတွေ စောင့်ကြည့်နေပြီးတော့ ဖမ်းတယ်ဆိုတဲ့ သဘောမျိုးပေါ့နော်"

ဂျပန်ကနေ မြန်မာနိုင်ငံကို ဟွန်ဒီ ငွေလွှဲလုပ်ငန်း လုပ်နေတဲ့ မြန်မာလုပ်ငန်းရှင် တချို့ရှိပါတယ်။ အခုလို တရားမဝင် ငွေလွှဲလုပ်ငန်း ဖွံ့ဖြိုးနေရ တာဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်လုပ်ငန်းတွေရဲ့ ဝန်ဆောင်မှု အားနည်းချက်တွေကြောင့်လို့ မြန်မာ့အရေးလှုပ်ရှားသူ မိုင်ကျော်ဦးက သုံးသပ် ပါတယ်။

“ ဖမ်းတဲ့အပေါ်မှာ စိတ်မကောင်း ဖြစ်မိပါတယ် ကိုယ့်မြန်မာနိုင်ငံသား အချင်းချင်းပေါ့နော်။ ဒုတိယတချက်က လွန်ခဲ့တဲ့ စစ်အာဏာရှင် အဆက်ဆက်မှာ အနောက်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ကျနော်တို့နိုင်ငံမှာ ဘဏ်နဲ့ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက်မှု အရမ်းနောက်ကျနေတယ် အခြားနိုင်ငံနဲ့ ယှဉ်ရင်ပေါ့လေ။ ဥပမာ ဒီမှာရောက်နေတဲ့ အခြားနိုင်ငံ - ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတွေဆို သူတို့နိုင်ငံတွေကို ငွေလွှဲရ အဆင်ပြေတယ်။ ဒီနိုင်ငံမှာရောက်နေတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေက ကိုယ့်နိုင်ငံကို ပိုက်ဆံပြန်ပို့ချင်တယ်ဆိုရင် ဒီနည်းပဲရှိတယ်။ ဒါ ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည်တို့ တက်လာပြီးနောက်ပိုင်း ငွေလွှဲတဲ့စနစ်တွေက ပုဂ္ဂလိကဘဏ်တွေက လုပ်လာတာတွေလည်း ရှိတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ အများကြီးရှိတယ်။ ကျနော်ဆိုလည်း ကိုယ်တိုင်လွှဲဖူးတယ်။ ဥပမာဗျာ ဒီကလုပ်အားခ ချွေးနည်းစာ ပို့တဲ့အချိန်မှာ ဒီကပို့တဲ့ ငွေပမာဏက အင်မတန် နည်းပါတယ်။ ဒါပေမဲ့ မြန်မာပြည်ဘဏ်တွေက ဆက်ဆံရေးလည်းကျဲတယ် ထုတ်ပေးတဲ့နေရာမှာလည်း နှေးကွေးမှုရှိတယ်။ ဆိုတော့ ဒီလိုအဆင်မပြေမှုတွေရှိလို့ အခုလိုပဲ ပုဂ္ဂလိက မြန်မာအချင်းချင်း ငွေလွှဲတဲ့နည်းတွေ သုံးနေရတယ်။”

အခုလိုမျိုး ဂျပန်ကနေ မြန်မာနိုင်ငံကို တရားမဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်မှုနဲ့ ၂၀၀၅-၂၀၀၆ ဝန်းကျင်တုန်းက တိုကျိုမြို့ တာကာဒါနိုဘာဘာ ဘူတာနားက မြန်မာလုပ်ငန်းရှင်တဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းခဲ့ဖူးပြီး လအနည်းငယ်အကြာမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

ကိုဉာဏ်ဝင်းအောင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဟွန်ဒီငွေလွှဲမှုကြောင့် မြန်မာ ၅ ဦး ကို ဂျပန်ရဲ ဖမ်းဆီး ဟွန်ဒီငွေလွှဲမှုကြောင့် မြန်မာ ၅ ဦး ကို ဂျပန်ရဲ ဖမ်းဆီး Reviewed by THITHTOOLWIN on 11:47 Rating: 5
Powered by Blogger.