တောင်ကုတ်လမူးမော်ကျေးရွာမှ ဖမ်းဆီးခံရသူလူငယ် ၉ဦးကို တောင်ကုတ်ရဲစခန်းသို့ ယူဆောင်သွား


နိရဉ္စရာ၊ နိုဝင်ဘာ ၁၉

တောင်ကုတ်မြို့နယ် လမူးမော်ကျေးရွာမှ ဖမ်းဆီးခံထားရသူ လူငယ် ၉ ဦးကို တောင်ကုတ်ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု လမူးမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဋ္ဌေးက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ သူတို့ထဲက ၇ ဦးကိုတော့ မနေ့ မနက်၊ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်အာရုံတက်မှာ ဖမ်းဆီးပါတယ်။ ကျန်တဲ့ ကလေးနှစ်ယောက်ကိုတော့ မိုးလင်းပြီးနောက်ဖမ်းဆီးပါတယ်။ မနေ့က ညနေ ၃ နာရီ ခွဲလောက်မှာ ၉ ယောက်စလုံးကို တောင်ကုတ်မြို့နယ်ရဲစခန်းသို့ ခေါ်ယူသွားခဲ့ပါတယ်” ဟု သူက ပြောကြားသည်။

ဖမ်းဆီးခံရသူ ၉ ဦးထဲတွင် လမူးမော်ကျေးရွာ အမှတ် (၁) ရပ်ကွက်မှ တစ်ဦး၊ အမှတ် (၂) ရပ်ကွက်မှ ၈ ဦး ပါဝင်ကြောင်းသူက ပြောကြားသည်။

ပြသနာမှာ နိုဝင်ဘာ ၁၇ ရက်နေ့က လမူးမော်ကျေးရွာ အမှတ် (၅) ရပ်ကွက် ကြက်ကိုင်းမှ ကထိန်လှည့်နေစဉ် ကျော့ကိုင်းကထိန်ပွဲမှ ဆိုင်ကယ်ဖြင့် ပြန်လာသူ လမူးမော် အမှတ် (၂) ရပ်ကွက်မှ လူငယ် နှစ်ဦးနှင့် ခိုက်ရန် ဖြစ်ပွားရာမှ လူငယ်နှစ်ဦးကို ၀ိုင်းရိုက်ကြကြောင်း၊ လူငယ် နှစ်ဦးတွင် ဒဏ်ရာရသွားသဖြင့် ရဲစခန်းသို့ သွားရောက်အမှုဖွင့်ကြောင်း၊ လမူးမော်ရဲစခန်းမှလည်း အမှုကို ဖွင့်ပေးသော်လည်း ရုံးပိတ်ဖြစ်သည်က တစ်ကြောင်း၊ ကထိန်ပွဲအချိန်ကာ ဖြစ်သည်ကြတစ်ကြောင်း တို့ကြောင့် ဖမ်းဆီးရန် မဖြစ်နိုင်ကြောင်း ရဲတာဝန်ရှိသူက ပြောကြားရာမှ တိုင်ကြားသူများနှင့် ရဲတာဝန်ရှိသူများ အကြား မကျေမလည် ဖြစ်ကြကြောင်း၊ ညနေ ၈ နာရီခန့်တွင် လူများစုလာပြီး လူငယ်နှစ်ဦးအားရိုက်နှက်သူများကို အမှုဖွင့် ဖမ်းဆီးအရေးယူရန် တောင်းဆိုကြပြီး နောက်ပိုင်းတွင် တင်းမာလာကာ ရဲစခန်းကို ဂဲများဖြင့် ပစ်ပေါက်ကြသဖြင့် ရဲတပ်ဖွဲ့မှ သေနတ် သုံးချက် ခြောက်လှန့် မိုးပေါ်ထောင်ပစ်ခဲ့ရကြောင်း၊ ၎င်းနောက်ပိုင်းတွင် လူစုကွဲသွားခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ် လူငယ် ၉ ဦးကို ဖမ်းဆီးထားသဖြင့် ရွာသားများက လွတ်ပေးရန် တောင်းဆိုခဲ့သဖြင့် တင်းမာမှု ပြန်လည် ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းနောက် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာပြီး ရပ်မိရပ်ဖများ၊ ကျေးရွာ အတွင်းမှ တာဝန်ရှိသူများဖြင့် ဖြေရှင်းခဲ့ရကြောင်း၊ သို့သော် ရွာသားများတောင်းဆိုသည့် လူငယ် ၉ ဦးအား ပြန်မလွတ်ဘဲ တောင်ကုတ်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဦးမြင့်ဋ္ဌေးက ပြောကြားသည်။

“ အခု အဖမ်းခံရတဲ့ လူငယ်တွေက အမှတ် (၁) နဲ့ အမှတ်(၂) ရပ်ကွက်က ဖြစ်ကြပါတယ်။ လူငယ် နှစ်ဦးကို ရိုက်တဲ့ ကြက်ကိုင်းရွာဘက်က လူတွေကိုတော့ ဒီအချိန်ထိ ဖမ်းဆီးခြင်း မရှိသေးဘူး။ လူငယ် ၉ ဦးကိုလည်း ဘယ်လို ပုဒ်မတွေနဲ့ တရားစွဲဆိုတယ်ဆိုတာလည်း မသိရှိရသေးဘူး” ဟု အုပ်ချုပ်ရေးမှူး ဦးမြင့်ဋ္ဌေးက ဆက်လက် ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနမှ ယနေ့ ည ၅ နာရီ ၁၅ မိနစ်က တောင်ကုတ်ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျရဲအရာရှိက ၎င်းလူငယ် ၉ ဦးအား ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206/
တောင်ကုတ်လမူးမော်ကျေးရွာမှ ဖမ်းဆီးခံရသူလူငယ် ၉ဦးကို တောင်ကုတ်ရဲစခန်းသို့ ယူဆောင်သွား တောင်ကုတ်လမူးမော်ကျေးရွာမှ ဖမ်းဆီးခံရသူလူငယ် ၉ဦးကို တောင်ကုတ်ရဲစခန်းသို့ ယူဆောင်သွား Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.