အာရှမှာ ဆေးခြောက်ကို ပထမဆုံး တရားဝင်ခွင့်ပြုတဲ့နိုင်ငံ ဖြစ်လာဖို့ ထိုင်း စဉ်းစားနေ


နိုဝင်ဘာ ၉

ထိုင်းနိုင်ငံဟာ အာရှမှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုတဲ့ ပထမဦးဆုံးနိုင်ငံ ဖြစ်လာဖို့ နဲ့ အလျင်အမြန် တိုးတက်လာတဲ့ ဆေးခြောက်ဈေးကွက်ကို ထိတွေ့ဖို့ စဉ်းစားနေတယ်လို့ AFP သတင်းက ဖော်ပြထားပါတယ်။

ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ အသုံးပြုခြင်းအတွက် တရားဝင်ခွင့်ပြုနိုင်ဖို့ လက်ရှိမှာ ဥပဒေကြမ်းကို ပြင်ဆင် ဆောင်ရွက်နေပြီး ဒါဟာ မူးယစ်ဆေးနဲ့ပတ်သက်လို့ တင်းကြပ်တဲ့ ဥပဒေပြဌာန်းထားတဲ့ နိုင်ငံအတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်တယ်လို့ ထိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံဥပဒေပြုရေး ညီလာခံရဲ့ ကျန်းမာရေးဆိုင်ရာ ကော်မတီ ဥက္ကဌဖြစ်သူ ဂျက်သီရာသရာနွန်း ကတော့ ဆေးခြောက်ကို တရားဝင်ခွင့်ပြုမယ်ဆိုရင် ဆေးဘက်ဆိုင်ရာအသုံးပြုဖို့အတွက်ပဲ ဖြစ်နိုင်ပြီး အပန်းဖြေရေး အသုံးပြုဖို့တော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် ဆေးခြောက်ကို တရားဝင် ခွင့်ပြုတာဟာ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာပြီး ထိုင်းလူထုအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်တယ်လို့ သူက ထပ်လောင်း ပြောပါတယ်။

ကမ္ဘာပေါ်မှာ ကျန်းမာရေးဆိုင်ရာအသုံးပြုတဲ့ ဆေးခြောက်ဈေးကွက်ဟာ ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅၅ ဒဿမ ၈ ဘီလီယံအထိ တန်ကြေးကြီးထွားလာလိမ့်မယ်လို့ ပြီးခဲ့တဲ့ နှစ်က ထုတ်ပြန်တဲ့ Grand View သုတေသန စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒီလိုဘီလီယံများစွာ တန်ကြေးရှိတဲ့ ဈေးကွက်ကို ထိုင်းနိုင်ငံဟာ ကမ္ဘာ့အကောင်းဆုံး ဆေးခြောက်နဲ့ ဈေးကွက်ဝေစု ကောင်းကောင်းရနိုင်လိမ့်မယ်လို့ ဂျက်က မျှော်လင့်ထားပါတယ်။ ထိုင်းနိုင်ငံဟာ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်က ကမ္ဘာ့အကြီးဆုံး ဆေးခြောက်တင်ပို့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်လို့ Bloomberg ရဲ့ သတင်းတွေ အရ သိရပါတယ်။

အဆစ်ရောင် ရောဂါ၊ ခေါင်းကိုက်ရောဂါနဲ့ ကင်ဆာရောဂါ လိုမျိုး ရောဂါခံစားနေရသူတွေအတွက် ရည်ရွယ်တဲ့ ဒီခွင့်ပြုမှုဟာ အလျင်အမြန်ကြီးထွားနေတဲ့ ဈေးကွက်မှာလည်း လက်ဦးမှုယူနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

ထိုင်းနိုင်ငံဟာ သြစတြေးလျ၊ အစ္စရေး၊ ဂျာမနီနဲ့ ကနေဒါ နိုင်ငံတို့ပါဝင်တဲ့ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးဖို့ ခွင့်ပြုတဲ့ နိုင်ငံများ အစုအဖွဲ့နဲ့ ချိတ်ဆက်လာဖွယ်ရှိတယ် လို့လည်း ဆိုပါတယ်။ အမေရိကန်ရဲ့ မြောက်ဘက် အိမ်နီးချင်း ကနေဒါဟာ မကြာသေးမီက ဆေးခြောက်ကို အပန်းဖြေသုံးစွဲခြင်းအတွက် တရားဝင်ခွင့်ပြုခဲ့ပြီး အတိတ်က ဆေးခြောက်အနည်းငယ်ကို လက်ဝယ်ပိုင်ဆိုင်မှုကြောင့် အပြစ်ပေးခံရသူတွေကိုလည်း တောင်းပန်သမှု ပြုခဲ့ပါတယ်။

အမေရိကန်မှာဆိုရင် ပြည်နယ် (၃၁)မှာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအသုံးပြုဖို့ တရားဝင်ခွင့်ပြုထားပြီး ကိုလံဘီယာ ခရိုင်၊ ဂူအမ်နဲ့ ပေါ်တိုရီကို တို့မှာလည်း တရားဝင်ခွင့်ပြုထားပါတယ်။

လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံမှာ ဆေးခြောက်အသုံးပြုမှုဟာ တရားမဝင် အဖြစ်သာ ရှိနေသေးပြီး ဆေးခြောက်ဖြန့်ဖြူးသူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက ဘန်ကောက်မြို့မှာ လာအိုနိုင်ငံရဲ့ နာမည်ကြီး ဆေးမှောင်ခိုသမားတစ်ယောက်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါသေးတယ်။ သေဒဏ်ပြစ်ဒဏ်ကနေ လျှော့ပေးခဲ့တာပါ။

ထိုင်းနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်တပ်အရာရှိတွေဟာ ပြီးခဲ့တဲ့ အောင်မြင်မှုနည်းပါးတဲ့ မူးယစ်ဆေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အခြေအတင်ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံရဲ့အကျဉ်းထောင်တွေမှာလည်း မူးယစ်ဆေးဝါးအနည်းငယ်နဲ့ ထောင်ကျတဲ့ သူတွေ များပြားလာတဲ့ အပေါ် ထောက်ပြပြောဆိုလာကြပါတယ်။

အာရှဒေသတွင်းမှာ ဆေးခြောက်နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့ စဉ်းစားနေတာ ထိုင်းတစ်နိုင်ငံထဲတော့ မဟုတ်သေးပါဘူး။ တောင်ကိုရီးယားကလည်း ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ စဉ်းစားနေပါသေးတယ်။ ဆိုးလ်ဟာ ဆေးဘက်ဆိုင်ရာသုံး ဆေးခြောက်ထုတ်ကုန်တွေကို တရားဝင် တင်သွင်းခွင့်ပြုဖို့ ဥပဒေပြင်ဆင်မှုတွေ စတင်နေပြီလို့ ဒေသတွင်း သတင်းဌာနတွေက ဂျူလိုင်လက ဖော်ပြထားပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
အာရှမှာ ဆေးခြောက်ကို ပထမဆုံး တရားဝင်ခွင့်ပြုတဲ့နိုင်ငံ ဖြစ်လာဖို့ ထိုင်း စဉ်းစားနေ အာရှမှာ ဆေးခြောက်ကို ပထမဆုံး တရားဝင်ခွင့်ပြုတဲ့နိုင်ငံ ဖြစ်လာဖို့ ထိုင်း စဉ်းစားနေ Reviewed by THITHTOOLWIN on 11:24 Rating: 5
Powered by Blogger.