စတုတ္ထတန်းကျောင်းသူ ချောက်အတွင်း အရိုးစုသာ တွေ့ရသည့် လူသတ်မှုအား မိထွေးကို ဖမ်းဆီးစစ်ဆေးနေ


မုနိမြီ၊ နိုဝင်ဘာ ၅

"ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကလောမြို့နယ်တွင် လွယ်အံ​ကျေးရွာအနီး ​ချောက်အတွင်း၌ အရိုးစုသာကျန်တော့သည့် စတုတ္ထတန်းကျောင်းသူ မိန်းကလေးအလောင်း ​တွေ့ရှိမှုနှင့် ဆက်စပ်၍ အဆိုပါမိန်းကလေး၏ အသက်(၅၀)ကျော် အရွယ် မိထွေးဖြစ်သူကို လူသတ်မှုသံသယဖြင့် ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁ ရက်တွင် စစ်ဆေးလျက်ရှိကြောင်း" ကလောမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်ကျော်မှ Munimary News Agencyသို့ ပြောကြားသည်။

"ပထမက လူသေမှု၊ လူပျောက်မှုတွေနဲ့ အမှုဖွင့်ထားပြီး မသင်္ကာလို့ စုံစမ်းနေတုန်းမှာ သံသယရှိသူအမျိုးသမီးကို သူ့ရဲ့ လင်ပါသမီးအား သတ်မှုနဲ့ စစ်ဆေးနေတယ်။ မူလက အောင်ပန်းမှာဖွင့်ထားတဲ့ လူပျောက်မှု၊ သေမှု​သေခင်းအမှုတွေကို တရားရုံးစွဲတင်ပြီးရင်တော့ အမှုထင်ရှားရင် လူသတ်မှုပုဒ်မ ​ပြောင်းလဲနိုင်မှာပါ။

၂၀၁၈ မတ် ၂၀ ရက်၊ အောင်ပန်းမြို့ အမှတ်(၃)ရပ်ကွက် အေးမြင့်သာယာနယ်မြေ (၂)နေ ဦးကျော်ဝင်း(ခ) ဦးမောင်တူးတွင် တောထဲသို့ ထင်းခုတ်သွားပြီး ပြန်ရောက်ချိန်၌ ၎င်း၏ဇနီးဖြစ်သူ ဒေါ်သန်းကြည်နှင့် ပထမအိမ်ထောင်ဖြင့်ရရှိသည့် သမီးဖြစ်သူ (၁၂)နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ မဆန်းအေး တို့ကို နေအိမ်၌မတွေ့ရှိသဖြင့် လိုက်လံရှာဖွေရာ တွေ့ရှိခြင်းမရှိသောကြောင့် အောင်ပန်းနယ်မြေရဲစခန်းတွင် လူပျောက်အမှတ်စဉ် ၂/၂၀၁၈ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်"ဟု ဟု ကလောမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်ကျော်မှ Munimary News Agencyသို့ ပြောသည်။

ဇနီးဒေါ်သန်းကြည်အား ကလောမြို့ နှီးဘုရား အတက်လမ်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီး၊ သမီးဖြစ်သူရောက်ရှိနေသည့် ​နေရာကို မေးမြန်းရာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့သို့ ခေါ်ဆောင်သွားရာမှ ခင်ပွန်းဖြစ်သူ ဦးကျော်ဝင်းကို မကျေနပ်၍ 'မဆန်းအေး'အား အခြား ရထားတစ်စင်းပေါ်သို့ တင်ဆောင်ပေးလိုက်​ကြောင်း ​ပြောဆိုခဲ့၍ ဦးကျော်ဝင်းက ၎င်း၏သမီးအား ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ခေါ်ဆောင်သွားသည့် ​ဒေါ်သန်းကြည်ကို ဥပဒေအရ အရေးယူပေးရန်တိုင်ကြားခဲ့ရာ အောင်ပန်းနယ်မြေရဲစခန်းက (ပ)၈၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ဖမ်းဆီးကာ စိတ်ကျန်းမာရေးအခြေအနေအရ ဒေါ်သန်းကြည်အား အာမခံဖြင့် ပြန်လည်လွှတ်ထားခဲ့သည်။

၂၀၁၈ မတ် ၃၁ ရက်တွင် လွယ်အံ​ကျေးရွာအနီး အနက် ၁၀ ပေခန့်ရှိ ချောက်အတွင်း၌ အရိုးစုသာကျန်ရှိသော အလောင်း​တွေ့ရှိမှုအရ ပျောက်ဆုံးနေသည့် မဆန်းအေး ၏ အဝတ်အစားများနှင့် တိုက်ဆိုင်စစ်ဆေးကာ သေမှုသေခင်း ၃/၂၀၁၈ ဖြင့် ဖွင့်လှစ်၍ အာမခံဖြင့်လွှတ်ထားသူ ဒေါ်သန်းကြည်ကို စစ်ဆေးနိုင်ရေး ရှာဖွေရာ တိမ်းရှောင်သွားခဲ့သဖြင့် စုံစမ်းမှုများပြုလုပ်ခဲ့ရာ၊နိုဝင်ဘာ ၁ ရက်တွင် ကလောမြို့ အမှတ်(၅)ရပ်ကွက် ညောင်ပင်မီးပွိုင့်အနီး၌ တာဝန်သိပြည်သူနှစ်ဦးက တိမ်းရှောင်နေသူ ဒေါ်သန်းကြည်ကို တွေ့ရှိကာ လက်ရဖမ်းဆီးနေစဉ် နယ်ထိန်းအဖွဲ့ရောက်ရှိ၍ ဖမ်းဆီးရမိခဲ့နိုင်ပြီး အမှုမှန်ပေါ်​ပေါက်စေရန် စစ်ဆေးနေကြောင်း စုံစမ်းသိရှိရပါသည်။

သုတ(မုနိမြီ)
Munimary News Agency
https://www.facebook.com/munimarynews/
စတုတ္ထတန်းကျောင်းသူ ချောက်အတွင်း အရိုးစုသာ တွေ့ရသည့် လူသတ်မှုအား မိထွေးကို ဖမ်းဆီးစစ်ဆေးနေ စတုတ္ထတန်းကျောင်းသူ ချောက်အတွင်း အရိုးစုသာ တွေ့ရသည့် လူသတ်မှုအား မိထွေးကို ဖမ်းဆီးစစ်ဆေးနေ Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.