မောင်တောမြို့နယ်တောင်ပိုင်းတွင် ဘင်္ဂလီများကို နေရာချထားမပေးရေး မြို့နယ် ၃ ခုမှ ဒေသခံ တစ်ထောင်ကျော် ဆန္ဒဖော်ထုတ် တောင်းဆို


နိရဉ္စရာ၊ နိုဝင်ဘာ ၎

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်းတွင် တစ်ဖက်နိုင်ငံမှ ပြန်ဝင်လာကြမည့် ဘင်္ဂါလီများအား နေရာချထားမပေးရေးအတွက် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်မှ ဒေသခံ ၁၀၀၀ ကျော်သည် နိုဝင်ဘာ ၄ ရက်နေ့က မောင်တောမြို့တွင် ဆန္ဒ္ဒဖော်ထုတ်ကာ တောင်းဆိုခဲ့ကြသည်။


မောင်တောဒေသခံ ဦးထွန်းအေးသိန်းက “ ကျွန်တော်တို့က အစိုးရကနေ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု အက်ဥပဒေနဲ့ စိစစ်လက်ခံပါ။ လက်ခံပြီးရင် သူတို့ကို မောင်တောမြို့နယ် တောင်ပိုင်းမှာ နေရာမချထားပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ သူတို့ကို နေရာချထားရင် အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာပြီး ဒေသငြိမ်းချမ်းမှာ မဟုတ်တဲ့ အတွက် ခုလို သူတို့ကို မောင်တောတောင်ပိုင်းမှာ နေရာမချထားပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် နေ့လယ် ၂ နာရီမှ စတင်ကာ မောင်တောမြို့ လမ်းမများပေါ်တွင် ပိုစတာများ၊ ဆိုင်ဘုတ်များကို ကိုင်ဆောင်ပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ လမ်းလျှောက် ချီတက်ခဲ့ကြသည်။

“ သူတို့တွေကိုထားမယ်ဆိုရင် ကျနော်တို့တိုင်းရင်းသားတွေ ရပ်တည်ဖို့အတွက် အန္တရာယ်များပါတယ်။ ဘာလို့ဆို သူတို့တွေကြောင့် ကျနော်တို့ဒေသမှာ အကြမ်းဖက်မှုတွေပေါ်ပေါက်နေလို့ပါပဲ” ဟု မောင်တောမြို့နယ် တောင်ပိုင်းတွင်ပါဝင်သည့် ရသေ့တောင်ဒေသခံ ဦးထွန်းထွန်းနိုင်က နိရဉ္စရာသို့ပြောသည်။


မောင်တောမြို့နယ် တောင်ပိုင်းတွင် ပြန်ဝင်လာသည့် ဘင်္ဂလီများအား ပြန်လည် နေရာချထားမပေးရေးကို ရခိုင်ပြည်နယ် လွှတ်တော်တွင်လည်း အဆိုတင်သွင်းကာ အတည်ပြုထားပြီဖြစ်ကြောင်း သိရသည်။

အဆိုတင်သွင်းခဲ့သူ ဘူးသီးတောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “ မောင်တောမြို့နယ် တောင်ပိုင်းဟာ ပင်လယ်ထွက်ပေါက်ဖြစ်ပါတယ်။ အရင်ကလည်း အဲဒီက ၀င်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ အတွက် ဒီဒေသမှာ ပြန်ဝင်လာတဲ့ ဘင်္ဂလီတွေကို ပြန်လက်မခံ ဖို့ လွှတ်တော်မှာ ကျွန်တော်ကိုယ်တိုင် အဆိုတင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်အဆိုကိုလည်း အတည်ပြုထားပါတယ်” ဟု ပြောကြားသည်။

ဆန္ဒပြသူများသည် မောင်တောတောင်ပိုင်းနှင့် ရသေ့တောင်နယ်တွင် ဘင်္ဂလီကျေးရွာများကို နေရာမချထားပေးရေး၊ အကြမ်းဖက်ကင်းစင်ပြီး တရားဥပဒေစိုးမိုးရေး၊ မောင်တောတောင်ပိုင်းတွင် တိုင်းရင်းသားကျေးရွာသစ်များချထားရေးစသည့် အချက်များကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

မောင်တောမြို့နယ် တောင်ပိုင်းတွင် ဘင်္ဂလီများကို မထားရှိရေးအတွက် ရခိုင်ပြည်နယ် လွှတ်တော်က အဆိုပြု ထောက်ခံထားသော်လည်း ပြည်ထောင်စုအစိုးရက ယင်းအဆိုအားဆန့်ကျင်ကာ ထိုဒေသတွင် ဘင်္ဂါလီများအား ပြန်လည်နေရာချထားပေးရန် စီစဉ်နေသည်ဟုဆိုသည်။

“ ပြည်သူ့အသံ လွှတ်တော်အသံ၊ လွှတ်တော်အသံကို အစိုးရက လေးလေးနက်နက် လိုက်နာရမယ်။ အကောင်အထည်ဖော်ပေးရမယ်။ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးရမယ်လို့ အစိုးရကိုပြောချင်ပါတယ်။” ဟု မောင်တောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက နိရဉ္စရာသို့ ပြောသည်။

မောင်တောမြို့နယ်တောင်ပိုင်းတွင် ဘင်္ဂလီများကို မထားရှိရေးအတွက် မောင်တောမြို့နယ် မြောက်ပိုင်းမှဒေသခံများသည်လည်း ပြီးခဲ့သည့်နှစ်က ကြေညာချက်ထုတ်ပြန်တောင်းဆိုထားသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara-151742128171206/
မောင်တောမြို့နယ်တောင်ပိုင်းတွင် ဘင်္ဂလီများကို နေရာချထားမပေးရေး မြို့နယ် ၃ ခုမှ ဒေသခံ တစ်ထောင်ကျော် ဆန္ဒဖော်ထုတ် တောင်းဆို မောင်တောမြို့နယ်တောင်ပိုင်းတွင် ဘင်္ဂလီများကို နေရာချထားမပေးရေး မြို့နယ် ၃ ခုမှ ဒေသခံ တစ်ထောင်ကျော် ဆန္ဒဖော်ထုတ် တောင်းဆို Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.