အလုပ်ထုတ်ခံရတဲ့ ပလိပ်အထည်စက်ရုံအလုပ်သမားတွေ လုပ်ငန်းခွင်ထဲပြန်ဝင်ခွင့်ရ

ပလိပ်ရဲစခန်း
အလုပ်ရှင်နဲ့ အလုပ်သမားကြားချုပ်ဆိုရတဲ့ အီးစီစာချုပ်မချုပ်လို့ အလုပ်ထုတ်ခံရတာ ၃ လရှိပြီဖြစ်တဲ့ ပလိပ်ပန်ဒါချည်မျှင်နဲ့အထည်ချုပ်စက်ရုံ အလုပ်သမား ၂၀၀ ကျော် ဟာ အခုတော့ ညှိနှိုင်းမှု ပြေလည်လို့ အလုပ်ပြန်ဝင်ခွင့် ရသွားပြီ ဖြစ်ပါတယ်။

ဒီအလုပ်သမားတွေဟာ အလုပ်ထုတ်ခံခဲ့ရလို့ မန္တလေးတိုင်းအစိုးရဆီကိုအသွား ပလိပ်ရဲစခန်းမှာတင် အလုပ်သမားခေါင်းဆောင်တွေကို ငြိမ်းစုစီ ပုဒ်မ ၁၈ / ၁၉ နဲ့ အမှုဖွင့်ခံခဲ့ရတာပါ။

ဒီနောက်တော့ မန္တလေးတိုင်းအစိုးရရဲ့ ညှိနှိုင်းပေးမှုကြောင့် အလုပ်သမား ၂၀၇ ယောက်ဟာ အီးစီစာချုပ်ချုပ်ဆိုပြီး အလုပ်ခွင်ပြန်ဝင်ခွင့် ရခဲ့ပါတယ်။

သူတို့ တောင်းဆိုတဲ့ ၃ လစာ ရေဖိုး၊ လျှပ်စစ်ဖိုးတွေ ကုမ္ပဏီက စိုက်ပေးဖို့ နဲ့ အလုပ်ပြန်ခန့်ဖို့ တောင်းဆိုတာရရင် အလုပ်ပြန်ဝင်မယ့်အကြောင်း ငြိမ်းစုစီ ပုဒ်မ နဲ့ အမှုဖွင့်ခံရတဲ့ ပလိပ်ချည်မျှင်စက်ရုံ ရဲ့ အခြေခံအလုပ်သမားသမဂ္ဂ အတွင်းရေးမှူး မဇာခြည်ဝင်းက ပြောပါတယ်။

မဇာခြည်ဝင်းနဲ့ တခြားတယောက်ကတော့ ၂၀၁၄ ကတည်းက ဆန္ဒပြလို့ အလုပ်ထုတ်ခံထားရတာမို့ သူတို့ကတော့ အလုပ်ပြန်ဝင်ခွင့်မရသေးဘူး လို့ဆိုပါတယ်။

ပန်ဒါစက်ရုံရဲ့ အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေကတော့ အစိုးရညှိနိုင်းမှုကြောင့် လက်ခံခဲ့ပေမယ့် စက်ရုံစည်းကမ်းတွေ လိုက်နာဖို့ လိုတယ်လို့ ပြောပါတယ်။

ဆန္ဒပြအလုပ်သမားများ

ပလိပ်ချည်မျှင်စက်ရုံဟာ စက်မှုဝန်ကြီးဌာနလက်အောက်ကနေ ပန်ဒါကုမ္ပဏီလက်ကိုလွှဲပြောင်းတုန်းက ဝန်ထမ်း ၈၀၀ ကျော်ကို ပင်စင် နဲ့ လုပ်သက်ခံစားခွင့်ပေးခဲ့ပေမယ့် တခြားအခွင့်အရေးတွေဆုံးရှုံးလို့ဆိုပြီး ၂၀၁၄ ခုနှစ်ကတည်းက အလုပ်သမားတွေဘက်က ဆန္ဒပြတောင်းဆိုတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာမှာ အလုပ်သမားတွေက နေပြည်တော်ကို ချီတက်တောင်းဆိုဖို့ ကြိုးစားတာကြောင့် မန္တလေးတိုင်းအစိုးရက ညှိနိုင်ပေးလို့ ပြေလည်ခဲ့ပေမယ့် အီးစီစာချုပ်ကြောင့် ပြဿနာတွေပြန်တက်ပြီး ခုမှ ပြေလည်မှု ရခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
အလုပ်ထုတ်ခံရတဲ့ ပလိပ်အထည်စက်ရုံအလုပ်သမားတွေ လုပ်ငန်းခွင်ထဲပြန်ဝင်ခွင့်ရ အလုပ်ထုတ်ခံရတဲ့ ပလိပ်အထည်စက်ရုံအလုပ်သမားတွေ လုပ်ငန်းခွင်ထဲပြန်ဝင်ခွင့်ရ Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.