အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုရှိ မရှိ၊ ICC အရေးယူဖို့သင့်မသင့် ကုလလုံခြုံရေးကောင်စီကြားနာမည်

၂ဝ၁၇ သြဂုတ်လ ၃ဝ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်စဉ်။
/(UN Photo/Manuel Elias)

မြန်မာနိုင်ငံမှာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုရှိ မရှိ တွေ့ရှိချက်တွေကို တင်ပြဖို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်အဖွဲ့အကြီးအကဲကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံတွေအပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံ ၉ နိုင်ငံက တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂ သံတမန်တွေက မနေ့က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေ စုံစမ်းရေး မစ်ရှင်အဖွဲ့ FFM ဟာ သြဂုတ်လက စုံစမ်းတွေ့ရှိချက်တွေကို အစီရင် ခံစာ ထုတ်ပြန်ခဲ့ပြီး ဒီအစီအရင်ခံစာမှာ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူအစုလိုက်အပြုံ လိုက်သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူဖို့၊ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို ပစ်မှတ်ထား အရေးယူပြီး၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ စစ်ဆေးအရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီလို လုံခြုံရေးကောင်စီကြားနာပွဲကို ဗီတိုအာဏာသုံးနိုင်တဲ့ ၃ နိုင်ငံက တောင်းဆိုတာဖြစ်ပေမယ့် တခြား ဗီတိုအာဏာသုံးနိုင်တဲ့ တရုတ်နဲ့ရုရှားနိုင်ငံတွေက အရေးယူရေးကိစ္စမှာ မြန်မာဘက်က အကာကွယ်ပေးနိုင် တယ်လို့လည်း သံတမန်တွေက ပြောကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံထဲက ၃ နိုင်ငံနဲ့ တခြား ၆ နိုင်ငံက သဘောတူ လက်မှတ်ရေးထိုးထားတဲ့အတွက် ဆွေးနွေးကြားနာပွဲကိုတော့ ဗီတိုနဲ့ ပိတ်ပင်လို့ မရဘူးလို့ သိရပါတယ်။ တရုတ်နဲ့ ရုရှားနိုင်ငံတွေကတော့ မြန်မာနိုင်ငံ ကိစ္စကို လုံခြုံရေးကောင်စီမှာ တိုက်ရိုက်မတင်သင့်သေးဘဲ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ တတိယကော်မတီအဖွဲ့နဲ့သာ ပထမဆုံး အရေးယူဆောင်ရွက်သင့်တယ်လို့ သဘောထားရှိတယ်လို့လည်း နိုင်ငံတကာသံတမန်တွေက ပြောပါတယ်။

RFA Burmese
https://www.rfa.org
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုရှိ မရှိ၊ ICC အရေးယူဖို့သင့်မသင့် ကုလလုံခြုံရေးကောင်စီကြားနာမည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုရှိ မရှိ၊ ICC အရေးယူဖို့သင့်မသင့် ကုလလုံခြုံရေးကောင်စီကြားနာမည် Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.