အက်ဖ် ဆဲဗင်းဆိုတာ ဘယ်လို လေယာဉ် အမျိုးအစားလဲ

 မင်းဘူးမြို့နယ်ထဲ တိုက်လေယာဉ် နှစ်စင်း ပျက်ကျ
အောက်တိုဘာ ၁၆ ရက် မနက် ၇ နာရီခွဲ ဝန်းကျင်၊ မြန်မာနိုင်ငံ အလယ်ပိုင်း မင်းဘူးမြို့ အနီးမှာ မြန်မာ လေတပ်က တိုက်လေယာဉ် နှစ်စင်း ပျက်ကျ ခဲ့ပါတယ်။

ရာသီဥတု ဆိုးလာလို့ F-7 အမျိုးအစား တိုက်လေယာဉ် နှစ်စင်း ပျက်ကျ ခဲ့တာ ဖြစ်တယ် ဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ တရားဝင် အွန်လိုင်း စာမျက်နှာမှာ သတင်းထုတ်ပြန်ပါတယ်။

လေယာဉ်မှူးတွေ ဖြစ်တဲ့ ဗိုလ်ကြီးဟိန်းသူအောင်နဲ့ ဗိုလ်ကြီးဖြိုးမောင်မောင် တို့ နှစ်ဦး စလုံး အသက် ဆုံးရှုံး ခဲ့ရသလို လေယာဉ် အစိတ်အပိုင်း ထိမှန်လို့ ၅ တန်း ကျောင်းသူ တယောက်ပါ သေဆုံး ခဲ့ပါတယ်။

အခုနှစ် ဧပြီလတုန်းကလည်း တောင်ငူမြို့နယ်ထဲ အက်ဖ် ဆဲဗင်းတစင်း ပျက်ကျ ခဲ့ပြီး လေသူရဲ သေဆုံးခဲ့တဲ့ အတွက် ဒီ အောက်တိုဘာ ဖြစ်ရပ်နဲ့ပါ ဆိုရင် အက်ဖ် ဆဲဗင်းတွေ ပျက်ကျတာ ခြောက်လ အတွင်း သုံးစင်း ရှိ သွားပြီ ဖြစ်ပါတယ်။


၂ဝ၁၆ မတ်လ တုန်းကလည်း နေပြည်တော် လေဆိပ်မှာ အက်ဖ် ဆဲဗင်း ပြန်အဆင်း အရှိန်ထိန်း လေထီး ပြုတ်ထွက်ပြီး လမ်းဘေး မီးတိုင်တွေကို ဝင်တိုက်တာမျိုး ဖြစ်ခဲ့လို့ လေယာဉ် အစိတ်အပိုင်းတချို့ ပျက်စီးတာမျိုး ဖြစ်ခဲ့ဖူးပါတယ်။

F-7 ဆိုတာ ဘယ်လို လေယာဉ် အမျိုးအစားလဲ

တရုတ် နိုင်ငံဟာ သူတို့ထုတ်တဲ့ J-7 ကို ပြည်ပကို ရောင်းချတဲ့ အခါ အက်ဖ် ဆဲဗင်းတွေ အဖြစ် တင်ပို့တာ ဖြစ်ပါတယ်။

ဆိုဗီယက် ပြည်ထောင်စု ခေတ်တုန်းက ဆိုဗီယက်လုပ် မစ် ၂၁ ကို အခြေခံပြီး တရုတ်နိုင်ငံက တည်ဆောက်တာ ဖြစ်တယ်လို သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အဖွဲ့ကို တည်ထောင်သူ တယောက်ဖြစ်တဲ့ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

အက်ဖ် ဆဲဗင်းတွေကို အဓိက အားဖြင့်တော့ ကြားဖြတ် တိုက်လေယာဉ် အဖြစ် အသုံးပြုတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဂျက် တလုံးတပ် အပေါ့စား တိုက်လေယာဉ် ဖြစ်ပြီး ၃ဝ မမ စက်သေနတ် နှစ်လက်နဲ့ အတူ ဝေဟင်ထဲမှာ ပစ်ခတ်တိုက်ခတ် နိုင်တဲ့ ဒုံးကျည်တွေ တပ်ဆင်ထားသလို ဖြစ်ပေမယ့် မြေပြင် ပစ်မှတ်တွေကိုပါ ချေမှုန်း နိုင်စွမ်း ရှိတယ်လို့ လေတပ် သုတေသန စာစောင်တွေက ဆိုပါတယ်။
 ဂျေဆဲဗင်းကို တရုတ်က အက်ဖ်ဆဲဗင်းတွေ အဖြစ် ပြည်ပကို ထုတ်ရောင်း
တရုတ် အနေနဲ့ အဲဒီ ဂျေ ဆဲဗင်း၊ အက်ဖ် ဆဲဗင်း အမျိုးစားတွေကို ၁၉၆ဝ ပြည့်ကျော် နှစ်တွေက စပြီး ၂ဝ၁၃ အထိ ထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ထုတ်လုပ်မှု ရပ်ဆိုင်း သွားပေမယ့် တရုတ် ပြည်တွင်း စစ်တပ်မှာရော၊ သူတို့ တင်ပို့ ရောင်းချထားတဲ့ မြန်မာ အပါအဝင် တချို့ နိုင်ငံတွေမှာတော့ ဆက်လက် အသုံးပြု နေဆဲ ဖြစ်ပါတယ်။

၁၉၉ဝ က စပြီး အက်ဖ် ဆဲဗင်း တွေကို မြန်မာ စစ်တပ်က တရုတ် ဆီက အသုတ်လိုက် အသုတ်လိုက် စတင် ဝယ်ယူ ခဲ့တာမှာ F-7 M အမျိုးအစား ကြားဖြတ် တိုက်လေယာဉ်တွေနဲ့ နှစ်ယောက်စီး အမောင်းသင် ယာဉ်တွေပါ ဝယ်ယူ ခဲ့ပြီး စုစုပေါင်း အစင်း ၆ဝ ကျော် ရှိတယ်လို့လည်း ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

အက်ဖ် ဆဲဗင်း အားလုံးကို လက်ရှိ အသုံး ပြုနေဆဲလား၊ ဘယ်နှစ်စင်း အနားပေးထားပြီး ဘယ်နှစ်စင်းကို ဆက်လက်သုံးနေဆဲ ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။


အက်ဖ် ဆဲဗင်းဝယ်ယူမှု အသုံးပြုမှု အပေါ် ဘယ်လို သုံးသပ်နိုင်လဲ

ဈေးသက်သက်သာသာနဲ့ ရတဲ့ တရုတ်ထုတ် ပစ္စည်းတွေကို အလိမ်အညာ မိပြီး ဝယ်ယူခဲ့လို့ ပျက်ကျတာမျိုးတွေ ဖြစ်ရတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိပါတယ်။

အထူးသဖြင့် အောက်တိုဘာ ၁၆ ရက် တရက်တည်းမှာ အက်ဖ် ဆဲဗင်း လေယာဉ် နှစ်စင်း ပျက်ကျခဲ့တဲ့ နောက် လူမှုကွန်ရက်တွေပေါ် ဝေဖန်သံတွေ ဆူညံလာပါတယ်။

ပြီးခဲ့တဲ့ ဧပြီ လတုန်းကလည်း ဒီ တိုက်လေယာဉ် အမျိုးအစားပဲ ပျက်ကျခဲ့တာ ဖြစ်လို့ ဒါဟာ ဒီနှစ် အတွင်းမှာကို အက်ဖ် ဆဲဗင်းသုံးစင်း ပျက်ကျ ခဲ့တာ ဖြစ်ပါတယ်။

အက်ဖ် ဆဲဗင်းကို မြန်မာက တိုက်လေယာဉ်၊ အမောင်းသင် လေယာဉ် နှစ်ခုပေါင်း အစင်း ၆ဝ ဝယ်ယူထားသလိုပဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် လေတပ်ထဲမှာလည်း လက်ရှိ အသုံးပြုနေဆဲ အက်ဖ် ဆဲဗင်း အမျိုးအစားကွဲ လေယာဉ် တချို့ ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ သီရိလင်္ကာလို တောင်အာရှ နိုင်ငံတွေ၊ တခါ အီရန်နဲ့ အီဂျစ် အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံတချို့နဲ့ နိုင်ဂျီးရီးယားနဲ့ ဆူဒန်တို့ အပါအဝင် အာဖရိက နိုင်ငံတချို့ကလည်း တရုတ်ရဲ့ အက်ဖ် ဆဲဗင်း အမျိုးအစား တွေကို ဝယ်ယူခဲ့ပါတယ်။

မြန်မာက အက်ဖ် ဆဲဗင်း စတင် ဝယ်ယူ ချိန်ဟာ ၁၉၉ဝ ဖြစ်ပါတယ်။

မြန်မာ့ တပ်မတော် အနေနဲ့ လေတပ် စွမ်းရည်ကို မြှင့်တင်ဖို့ လိုအပ်နေချိန်၊ တဘက်မှာလည်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ ရှိနေတာကြောင့် အဲဒီ အချိန်အခါက တခြား ဖွံ့ဖြိုးဆဲ နိုင်ငံတွေလိုပဲ တရုတ်ထုတ်လည်းဖြစ်၊ ဆိုဗီယက် မစ် ၂၁ ကို အခြေခံထားတာ ဖြစ်တဲ့အတွက် နာမည်လည်း အတန်သင့် ရှိတဲ့ အက်ဖ် ဆဲဗင်းကို ရွေးချယ်ရတာ ဖြစ်နိုင်တယ်လို့ ဖြစ်တယ်လို သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အဖွဲ့က သုံးသပ်ပါတယ်။

ဝယ်ယူတဲ့ အက်ဖ် ဆဲဗင်း တွေဟာ တပတ်ရစ်တွေ၊ အဟောင်းတွေ မဟုတ်ဘဲ ဂျေဆဲဗင်း တိုက်လေယာဉ်ရဲ့ တတိယမျိုးဆက် အသစ်တွေ ဖြစ်တယ်လို့ နားလည်ထားကြောင်း ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

တစင်းကို ဘယ်လောက်ပေး ဝယ်ထားသလဲ ဆိုတာ အတိတကျ မသိ ရပေမယ့် တရုတ် စစ်တပ်သုံး ဂျေဆဲဗင်း တွေရဲ့ တန်ဖိုးနဲ့ ယှဉ်ကြည့်ရင် ဒေါ်လာ နှစ်သန်း သုံးသန်း ဝန်းကျင် ရှိနိုင်တယ်လို့ ဒေါက်တာ နိုင်ဆွေဦးက ဆိုပါတယ်။

ဒါ့ကြောင့် ဘဏ္ဍာရေး အရဖြစ်စေ၊ အနောက်နိုင်ငံတွေကနေ စစ်လက်နက် ပစ္စည်း ဝယ်လို့ မရနိုင်တဲ့ နိုင်ငံရေး အရ ဖြစ်စေ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတဲ့ ရွေးချယ် ဝယ်ယူမှု အဖြစ် အက်ဖ် ဆဲဗင်း တိုက်လေယာဉ်တွေ ဝယ်ယူတဲ့ လုပ်ရပ်အဖြစ် သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အဖွဲ့က ပြောပါတယ်။

မြန်မာ့ လေတပ်ထဲ အက်ဖ် ဆဲဗင်း ကို အဓိက အားထား နေရဆဲလား

အက်ဖ် ဆဲဗင်း တိုက်လေယာဉ်တွေကို အဓိက ဝယ်ယူခဲ့တဲ့ နှစ်အပိုင်းအခြားဟာ ၁၉၉ဝ ကနေ ၂ဝဝဝ ပြည့်နှစ် ကြားထဲ ဖြစ်ပြီး ၂ဝဝဝ ခုနှစ် အကျော်မှာတော့ ရုရှားလုပ် MiG- 29 တိုက်လေယာဉ် အများအပြားကို မြန်မာ့ လေတပ်မတော် က ဝယ်ယူခဲ့တယ်လို့ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။

မစ် ၂၉ တွေကတော့ ဝေဟင်ကို စိုးမိုးနိုင်ဖို့ ရည်ရွယ်တဲ့ တိုက်စွမ်းရည် ပိုမို အားကောင်း သာလွန်တဲ့ တိုက်လေယာဉ်တွေ ဖြစ်ပြီး အမေရိကန်ရဲ့ နာမည်ကျော် F-15 ၊ F-16 တို့ကို တန်ပြန်နိုင်ဖို့ ရုရှားက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဆားဘီးယား လေတပ်က ဝယ်ထားတဲ့ မစ် ၂၉
ဒါ့ကြောင့် ကြားဖြတ် တိုက်လေယာဉ် အဖြစ် အဓိက သုံးတဲ့ အက်ဖ် ဆဲဗင်း နဲ့ ယှဉ်ရင် မစ် ၂၉ တွေဟာ စတုတ္ထမျိုးဆက် ဘက်စုံသုံး တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။

ဒီလို မစ် ၂၉ တိုက်လေယာဉ်တွေ အားဖြည့်ပြီး လေတပ်ကို စွမ်းရည်မြှင့်ထားသလို လေကြောင်းရန် ကာကွယ်ရေး စံနစ် အနေနဲ့လည်း မြန်မာလေတပ်ဟာ ဒေသတွင်း အားကောင်းတဲ့ တပ် ဖြစ်တယ်လို့ သုံးသပ်နိုင်တယ်ဆိုပြီး ဒေါက်တာ နိုင်ဆွေဦးက ဆိုပါတယ်။

လေတပ်မှာ လေယာဉ်တွေကို ပျံသန်းချိန် ဘယ်လောက်ကြာရင် ဘယ် လေယာဉ်တွေကို ဘယ်လို ဘယ်ပုံ မွမ်းမံ ထိန်းသိမ်းရမယ် ဆိုတဲ့ စနစ်တကျ အချိန်ဇယား လုပ်ငန်းစဉ် သတ်မှတ် ထားတာမျိုး ရှိတယ်လို့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အဖွဲ့က ပြောပါတယ်။

ဒါပေမယ့်လည်း F-16 လေယာဉ်တွေ ပျက်ကျမှုကြောင့် တပ်သုံး လေယာဉ်တွေ ထိန်းသိမ်း ပြုပြင်ရေး၊ လုံခြုံစိတ်ချစွာ ပျံသန်းနိုင်ရေး အတွက် လိုအပ်တဲ့ စက် ကိရိယာ အစိတ်အပိုင်းတွေ ရှိလား၊ ဘဏ္ဍာငွေကြေး ဖူလုံလား စတဲ့ မေးခွန်းမျိုးတွေ ဆက်လက် ပေါ်ထွက်လာနေဆဲ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com

အက်ဖ် ဆဲဗင်းဆိုတာ ဘယ်လို လေယာဉ် အမျိုးအစားလဲ အက်ဖ် ဆဲဗင်းဆိုတာ ဘယ်လို လေယာဉ် အမျိုးအစားလဲ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.