မောင်တောမြို့နယ်မှ လူမနေသည့်ကျွန်းတောင်ရွာဟောင်းတွင် ဘင်္ဂလီ(၃)ဦးကို စိတ်ကြွဆေးပြားများနှင့် အတူဖမ်းမိ


နိရဉ္စရာ၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သဲချောင်းအုပ်စု လူမနေသည့် ကျွန်းတောင်ရွာဟောင်းတွင် ဘင်္ဂလီလူမျိုး ၃ ဦးကို ယာဘားစိတ်ကြွဆေးပြား ၅၈၁၈၅ နှင့် အတူ အောက်တိုဘာ ၁၀ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ငါးစားကြူးကျေးရွာတွင် နေထိုင်သူများ ဖြစ်ကြသည့် ဗိုက်တူလာ(ဘ) ဦးဆုလ်တန် (၁၉)နှစ်၊ အီစ္စလာန် (ဘ)အီးနူရ် (၂၀)နှစ်နှင့် အာယာစ်(ဘ)ဂူရာမျာ (၂၀) နှစ် တို့ဖြစ်ကြောင်း နယ်ခြားစောင့် အရာရှိ တစ်ဦးက အတည်ပြု ပြောကြားသည်။


၎င်းတို့ သုံးဦးအပါအ၀င် စုစုပေါင်း ဘင်္ဂလီလူမျိုး ၄ ဦးတို့သည် လူမနေသည့် ကျွန်းတောင်ရွာဟောင်းတွင် ရှိနေကြောင်း သတင်းအရ သာယာကုန်းကျေးရွာ နယ်ခြားစောင့်ရဲ ကင်းစခန်းမှ ဗိုလ်လေးအပါအဝင် တပ်ဖွဲ့ဝင်သုံးဦးနှင့် အနီးအနား ရွာသားတစ်ချိုတို့ လိုက်လံဖမ်းဆီးရာ တစ်ဦး ထွက်ပြေး လွတ်မြောက်သွားပြီး ၃ ဦးကို ဖမ်းဆီးမိသည်ဟု သူက ဆက်လက် ပြောသည်။

၎င်းတို့ထံမှ ယာဘားစိတ်ကြွဆေးပြား ၅၈၁၈၅ ပြားကိုလည်း ဖမ်းဆီးရမိသည်ဟု ဆိုသည်။

ဖမ်းဆီးရာတွင် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု ဖမ်းဆီးရာတွင် ပါဝင်သူ သင်္ဘောလှ ကျေးရွာ သားတစ်ဦးဖြစ်သူ ကိုမောင်သာထွန်းက ပြောကြားသည်။

"ကျွန်းတောင်ရွာအနီးမှာ ကျနော်တို့ သွားဖမ်း ဖမ်းတော့ သူတို့က ဓားတွေနဲ့ ခုခံပါတယ်။ အဲ့အချိန်မှာ သာယာကုန်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့က နောက်က လိုက်လာပြီး သေနတ်နဲ့ အပေါ်ကိုတစ်ချက် ထောင်ပစ်ပြီးမှ သူတို့ကိုဖမ်းမိတာပါ။ လေးယောက်မှာ တစ်ယောက်လွတ်သွားပါတယ်" ၎င်းက ပြောသည်။

ဖမ်းဆီးရမိသူ ဘင်္ဂလီ ၃ ဦးကို တောင်ပြိုလက်ယာ နယ်ခြားစောင့်ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သိန်းဇော် (မောင်တော)
Narinjara
https://www.facebook.com/Narinjara-151742128171206/
မောင်တောမြို့နယ်မှ လူမနေသည့်ကျွန်းတောင်ရွာဟောင်းတွင် ဘင်္ဂလီ(၃)ဦးကို စိတ်ကြွဆေးပြားများနှင့် အတူဖမ်းမိ မောင်တောမြို့နယ်မှ လူမနေသည့်ကျွန်းတောင်ရွာဟောင်းတွင် ဘင်္ဂလီ(၃)ဦးကို စိတ်ကြွဆေးပြားများနှင့် အတူဖမ်းမိ Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.