သရုပ်ဆောင် မင်းသွေး ရုတ်တရက်ကွယ်လွန်


နိရဉ္စရာ၊ အောက်တိုဘာ ၎

မြန်မာ့ရုပ်ရှင်လောကတွင် နာမည်ကြီး သရုပ်ဆောင်နေတိုး၏ ညီ၊ရခိုင်အဆိုတော် သရုပ်ဆောင် မင်းသွေး (၃၃) နှစ်သည် ရုတ်တရက်ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

သရုပ်ဆောင်မင်းသွေးသည် ယမန်နေ့ညနေတွင် သုဝဏ္ဏအားကစားကွင်းတွင် ဘောလုံး ကစားနေရင်း အမောဆို့လာသဖြင့် ကစားဖော်များမှ စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းသိရသည်။

သရုပ်ဆောင် မင်းသွေးအား ပို့ဆောင်ရာ စံပြဆေးရုံအရောက်တွင် ရုတ်တရက် ကွယ်လွန် သွားခဲ့ကြောင်း ရခိုင်အဆိုတော် ကိုဝင်းကိုခိုင်မှ နိရဉ္စရာရခိုင် သတင်းဌာနသို့ ပြောသည်။

“သူက အစကတည်းက အားနည်းနေတဲ့သဘောရှိပါတယ်။အခုဘောလုံးကစားနေရင်း ရုတ်တရက် အမောဆို့လာပြီး ရေခဲရေထသောက်တယ်။ထသောက်တဲ့အချိန်မှာ မူးပြီးတော့ လဲကျသွားခဲ့တာပါ။ လဲကျသွားတော့သူနဲ့ကစားဖော်တွေက ဆေးရုံကိုပို့ခဲ့ရတယ်လို့ သိရပါတယ်။ ဆေးရုံကို ရောက်ပြီး ၁၁ နာရီ ၂၀ မိနစ်မှာ ကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ် ”ဟု ရခိုင်တေးသံရှင် ၀င်းကိုခိုင်က ပြောသည်။

သရုပ်ဆောင် မင်းသွေး၏ ရုပ်အလောင်းအား နံနက် ၁ နာရီတွင် အအေးခန်းကိုပို့ဆောင်ခဲ့ ကြောင်းသတင်းရရှိသည်။

ကိုမင်းသွေးမှာ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မြခွာညို ၀ါဝါ၀င်းအိမ်ယာ၊ အမှတ် (၄၃)၊ ပိတောက်လမ်းနေ ဦးအောင်သန်း- ဒေါ်သန်းမြိုင်တို့၏ တတိယမြောက်သားဖြစ်ပြီး အမည်ရင်းမှာ ကိုနေမင်းအောင် ဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုးတို့တွင် ကိုဇော်လင်းအောင်၊ နေတိုး (ခ) ကိုနေလင်းအောင်၊ ကိုနေမင်းအောင်(ခ) မင်းသွေး ညီအစ်ကို သုံးဦးရှိရာ ကိုမင်းသွေးမှာ အငယ်ဆုံးဖြစ်ကြောင်း သိရသည်။

စိုးဇံအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
သရုပ်ဆောင် မင်းသွေး ရုတ်တရက်ကွယ်လွန် သရုပ်ဆောင် မင်းသွေး ရုတ်တရက်ကွယ်လွန် Reviewed by THITHTOOLWIN on 12:45 Rating: 5
Powered by Blogger.