စည်းကမ်းတင်းကြပ်မှုများကြောင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ပါတီဝင်အဖြစ်မှ နုတ်ထွက်ဟု NLD ပြောရေးဆိုခွင့်ရှိသူပြော


နေပြည်တော်၊ စက်တင်ဘာ ၂၄၊ ၂၀၁၈။

ပါတီစည်းကမ်းတင်းကြပ်မှုများကြောင့် လွှတ်တော်ကိုယ်စားလှယ်များ ပါတီဝင်အဖြစ်မှ နုတ်ထွက်မှု များရှိလာပြီး စက်တင်ဘာလ ၂၃ ရက်နေ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ် ၂ ဦးအား နုတ်ထွက်ခွင့်ပြုရန် အတည်ပြုခဲ့ကြောင်း သိရှိရသည်။

“ပါတီစည်းကမ်းကတော့ တင်းတင်းကြပ်ကြပ်လုပ်ထားရမှာပါ။ ကျနော်တို့ ပြောထားပြီးပြီ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သက်တောင့် သက်သာ နဲ့ လုပ်ရမယ်လို့ မမျှော်လင့်ပါနဲ့ လို့ ကျနော်တို့ ပြောထားပြီးပါပြီ။ အဲ့ဒါအတိုင်းပဲ ကျနော်တို့ တိတိကျကျ ဆောင်ရွက်သွားမှာပါ။ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ စီးပွားရေးအရ တွက်ချေကိုက်လိမ့်မယ် သက်တောင့်သက်သာရှိလိမ့်မယ်ဆိုတာတော့ ကျနော်တို့ ခွင့်မပြုပါဘူး။ ကျနော်တို့ နိုင်ငံသားတွေ ဆင်းရဲကြပ်တဲနေတာနဲ့ အမျှ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပင်ပင်ပန်းပန်း ကြိုးစားရုံးကန်ဖို့ လိုတယ်”ဟု ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ ၂ တွင် ကျင်းပပြုလုပ်ခဲ့ ပြီး ပါတီတွင်း ကိစ္စများနှင့် ပါတီစည်းကမ်းများအား စနစ်တကျ ကြပ်မတ်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ၂ ဦးသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းအောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်တို့ ဖြစ်ပြီး ၎င်းတို့မှ ပါတီစည်းကမ်းများ တင်းကြပ်မှုနှင့် ပါတီကို ပြန်လည် ထည့်ဝင်ရသည့် အလှူငွေများကြောင့် နုတ်ထွက်ခွင့် တောင်းခံခဲ့ခြင်းကြောင့်
အစည်းအဝေးဆုံးဖြတ်ချက်အရ နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့်က ပြောသည်။

ထိုအပြင် သတင်းထောက်များမှ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပုံ အသုံးပြုပြီး မဲဆွယ်စည်းရုံးရေးလုပ် ငန်းစဉ်များအား ဝေဖန်မှုများအပေါ် မည်သို့ တုန့်ပြန်မှတ်ချက်ပြုလိုသလဲဟုလဲ မေးမြန်းခဲ့မှုအပေါ် ဒေါက်တာမျိုးညွန့်က “သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာလဲ သမ္မတ ယရွှေစလွယ်နဲ့ ပုံတွေ သုံးပြီးတော့ မဲဆွယ်ခဲ့တာ အထင်အရှားပါပဲ။ ရှေးထုံးရှိနေခဲ့တဲ့ အတွက်လဲ ဒါတွေကို ရဲရဲရင့်ရင့်နဲ့ လုပ်ပါလို့ ပြောနေခဲ့တာပါ။ ဒါတောင်ကျနော်တို့ အင်မတန် သတိထားပြီးတော့ သမ္မတပုံမှာ အုပ်ချုပ်ရေး အာဏာရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ရွှေစလွယ် မပါတဲ့ ပုံပဲ သုံးရမယ်လို့ ကျနော်တို့ စနစ်တကျ ညွှန်ကြားထားတာပါ”ဟု ပြန်လည် ဖြေကြားခဲ့သေးသည်။

ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar/
စည်းကမ်းတင်းကြပ်မှုများကြောင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ပါတီဝင်အဖြစ်မှ နုတ်ထွက်ဟု NLD ပြောရေးဆိုခွင့်ရှိသူပြော စည်းကမ်းတင်းကြပ်မှုများကြောင့် လွှတ်တော်ကိုယ်စားလှယ်အချို့ ပါတီဝင်အဖြစ်မှ နုတ်ထွက်ဟု NLD ပြောရေးဆိုခွင့်ရှိသူပြော Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.