အခွန်ကြွေးကျန်များမှ ၆၃ ရာခိုင်နှုန်းကျော် ကောက်ခံရရှိ

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)
 နေပြည်တော်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

    ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်း အခွန် ဦးစီးဌာနမှ ကောက်ခံရန် အခွန်ကြွေးကျန်များအနက် ၆၃ ရာခိုင်နှုန်းကျော်ကို ကောက်ခံရရှိခဲ့သည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ယနေ့  ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့သည်။

“စုစုပေါင်း ကောက်ခံရန် အခွန်ကြွေးကျန် ကျပ် ၁၇၃ ဒသမ၅၄၆ဘီလျံ ရှိတဲ့အနက် ၁၀၉ ဒသမ ၈၂၅ ဘီလျံ ကောက်ခံရရှိခဲ့တဲ့အတွက် ၆၃ ဒသမ ၂၈ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါ တယ်” ဟု ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ ရှိချက် အစီရင်ခံစာ အပေါ် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး၏ ဆွေးနွေးထောက်ပြချက်များကို ၎င်းက ပြန်လည် ဖြေကြားရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ထိုသို့  အခွန်ကြွေးကျန် ဖြစ်ပေါ်ရခြင်းမှာ အခွန် စည်းကြပ်မှုများသည် သက်ဆိုင်ရာ ဘဏ္ဍာနှစ်နှင့် တစ်ဆက်တည်း ဖြစ်သည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခြင်း ဖြစ်ပြီး အဆိုပါစည်းကြပ်နှစ်အတွင်း အခွန်ထမ်းများက အခွန် မပေးသွင်းခဲ့သောကြောင့် ဖြစ်ကြောင်း၊ နှစ်စဉ်လိုလို ဖြစ်ပေါ်သည့် ကြွေးကျန် များကို ကောက်ခံရခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း အခွန် ဦးစီး ဌာန အနေဖြင့် အမှန်ရနိုင်ခြေ မရှိသော ကြွေးကျန်များကို သက်ဆိုင်ရာ တာဝန်ခံသည့် ရာထူးအလိုက် ကြွေးစာရင်းမှ လျှော့ခြင်း၊ ပယ်ဖျက် ခြင်း များ ဆောင်ရွက်ရကြောင်း ၎င်းက ရှင်းလင်း ဖြေကြားခဲ့သည်။

ပြည်တွင်း အခွန်ဦးစီးဌာန၏ ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်အတွင်း အခွန် အရပ်ရပ် ကောက်ခံရရှိမှုသည် ကျပ် ၅၃၇၇ ဒသမ ၈၂၀ ဘီလျံ ဖြစ်ပြီး ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ် ကောက်ခံရရှိမှုသည် ကျပ် ၄၆၃၇ ဒသမ ၀၅၇ ဘီလျံ ဖြစ်သည့်အတွက် ယခင်နှစ်ထက် ၇၄၀ ဒသမ ၇၆၃ ဘီလျံ (ရာခိုင်နှုန်းအားဖြင့် ၁၆ ရာခိင်နှုန်း) ပိုမို တိုးတက် ကောက်ခံရရှိခဲ့ကြောင်း၊ GDP နှုန်းနှင့် နှိုင်းယှဉ်ပါက တိုးတက်မှု ပိုမိုခဲ့ ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အခွန်ကြွေးကျန်များမှ ၆၃ ရာခိုင်နှုန်းကျော် ကောက်ခံရရှိ အခွန်ကြွေးကျန်များမှ ၆၃ ရာခိုင်နှုန်းကျော် ကောက်ခံရရှိ Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.