ဂျပန်မှာ တိုင်ဖုန်းမုန်တိုင်းဒဏ်ကြောင့် ၁ဝ ဦးသေဆုံး၊ လေဆိပ်ပိတ်ထားရ

 တနာရီ မိုင်တရာနှုန်းနဲ့ တိုက်ခိုက်သွားတဲ့ မုန်တိုင်းအပြီး အိုဆာကာမြို့လမ်းမပေါ်က မြင်ကွင်း။ Photo: AFP
 ဂျပန်နိုင်ငံမှာ မနေ့က ၂၅ နှစ်အတွင်း အင်အားအပြင်းထန်ဆုံး တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ပြီးသွားတဲ့နောက် နေအိမ်တွေ ရေလွှမ်းမိုးခံရသလို လမ်းတံတားတွေ၊ အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး လေဆိပ်ကြီးတွေကို အခုအချိန်ထိ ပိတ်ထားရဆဲ ဖြစ်ပါတယ်။

တနာရီမိုင်တရာနှုန်းနဲ့ တိုက်ခဲ့တဲ့မုန်တိုင်းကြောင့် လူ ၁ဝ ယောက်သေဆုံးပြီး လူအယောက်သုံးရာလောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းက အိမ်ထောင်စုပေါင်း ၄ သိန်းလောက်ဟာ ဒီကနေ့အထိ လျှပ်စစ်မီး မရသေးပါဘူး။

မုန်တိုင်းတိုက်ခတ်စဉ် ဖြစ်ပေါ်လာတဲ့လှိုင်းရဲ့အရှိန်ကြောင့် ရေနံတင်သင်္ဘောကြီးတစီးဟာ ကန်ဆိုင် (Kansai) နိုင်ငံတကာလေဆိပ်နဲ့ ဆက်သွယ်ထားတဲ့ တံတားကို ရိုက်မိတဲ့အတွက် တံတားပျက်စီးသွားခဲ့ပြီး ခရီးသည်သုံးထောင်လောက် လေဆိပ်မှာ ညအိပ်ခဲ့ရပါတယ်။

အိုဆာကာပင်လယ်အော်ထဲက လူလုပ်ကျွန်းနှစ်ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ ဒီလေယာဉ်ကွင်းရဲ့ လေယာဉ်ပြေးလမ်းတလမ်း၊ ကုန်ပစ္စည်း သိုလှောင်ရုံတခုနဲ့ တခြားအဆောက်အဦးတွေကိုလည်း ရေလွှမ်းမိုးသွားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဂျပန်မှာ တိုင်ဖုန်းမုန်တိုင်းဒဏ်ကြောင့် ၁ဝ ဦးသေဆုံး၊ လေဆိပ်ပိတ်ထားရ ဂျပန်မှာ တိုင်ဖုန်းမုန်တိုင်းဒဏ်ကြောင့် ၁ဝ ဦးသေဆုံး၊ လေဆိပ်ပိတ်ထားရ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.