နိုင်ငံရေးသဘောတူညီချက် အမြန်ချမှတ်ဖို့ လိုအပ်နေကြောင်း အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ တောင်းဆို

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ့ဆုံပွဲကို ၂၀၁၈ စက်တင်ဘာလ ၁၁ ရက်နေ့က ချင်းမိုင်မြို့မှာကျင်းပစဉ်/ Photo: NCA-S EAO Facebook
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ အမြန်တွေ့ဆုံညှိနှိုင်းပြီး နိုင်ငံရေးသဘောတူညီချက် တစ်ခု အမြန်ချမှတ်ဖို့ လိုအပ်နေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့တတိယအကြိမ် ထိပ်သီးညီလာခံ ဒီနေ့နောက်ဆုံးနေ့မှာ ကြေညာချက်ထုတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့ ဒီနေ့အထိ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တတိယအကြိမ် ထိပ်သီးညီလာခံအပြီး အခုလို ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးတွေ ဆက်လက်ကျင်းပရေး၊ ပြည်ထောင်စု ကနေ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ်စုဖွဲ့မှု စတဲ့ ဖက်ဒရယ် မူတွေ ချမှတ်နိုင်ရေးကိစ္စတွေကို အစိုးရ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ ဆက်လက်ညှိနှိုင်းသွား မယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ပြည်ထောင်စုတပ်မတော်ဆိုင်ရာကိစ္စ၊ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိစ္စ စတာတွေအပြင် အစုအဖွဲ့တွေကြားက ကွာဟချက်တွေကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ၁၀ ဦးပါဝင်တဲ့ PPST+2 က အစိုးရ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့လည်း ပါရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်နိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပနိုင်ရေး အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ ပြင်ဆင်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
နိုင်ငံရေးသဘောတူညီချက် အမြန်ချမှတ်ဖို့ လိုအပ်နေကြောင်း အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ တောင်းဆို နိုင်ငံရေးသဘောတူညီချက် အမြန်ချမှတ်ဖို့ လိုအပ်နေကြောင်း အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ တောင်းဆို Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.