ဆူနာမီအပြီး ပါလူမြို့ရဲ့ အပျက်အစီးမြင်ကွင်း

ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ် ပြုစု ကုသပေးနေတဲ့ ယာယီဆေးရုံ
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ဖြစ်ခဲ့တဲ့ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၄၀၈ ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၀၀ လောက်ရှိသွားပါပြီ။

စက်တင်ဘာ ၂၈ ရက်နေ့ သောကြာနေ့ ညပိုင်းက လှုပ်ခဲ့တဲ့ ရစ်ခ်ျတာစကေး ၇.၅ ပြင်းအားရှိတဲ့ ဒီငလျင်ကြီးကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်းဒဏ်ကို ခံစားခဲ့ရတာဖြစ်ပါတယ်။

လူ ဒါဇင်နဲ့ချီပြီး ပျောက်ဆုံးနေဆဲဖြစ်သလို ပါလူမြို့ရဲ့ အဆောက်အအုံ အပျက်အစီးတွေကြားထဲမှာ ရှာဖွေ ကယ်ဆယ်ရေးတွေလည်း လုပ်နေကြပါတယ်။

ဒီအဖြစ်အပျက်ဆိုးကြီး ဖြစ်အပြီးမှာတော့ ပါလူမြို့ လမ်းမပေါ်မှာ လူသေအလောင်းတွေ ရှိနေသလို ဆေးရုံမှာလဲ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည့်နေပါတယ်။

မြို့တော်အတွင်းမှာ ထိခိုက်သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေတော့ အတိအကျ မသိသေးပါဘူး။
ဒုက္ခသည်တချို့
တာဝန်ရှိသူတွေကတော့ မြို့သူမြို့သားတွေကို နေအိမ်တွေမှာ ပြန်မနေဖို့ အကြံပြုနေကြပါတယ်။ တချို့ အိမ်တွေကတော့ ရေလှိုင်းဒဏ်ကြောင့် ပြားချပ် ပျက်စီးသွားတာတွေ ရှိနေပါတယ်။

အင်ဒိုနီးရှားက မကြာခဏ ငလျင်လှုပ်တတ်ပြီး မီးတောင်ပေါက်ကွဲတတ်တဲ့ အဝန်းအဝိုင်းမှာ တည်ရှိပြီး ငလျင်တွေ မကြာခဏဆိုသလို လှုပ်တဲ့ဒဏ် ခံရတဲ့နိုင်ငံဖြစ်ပါတယ်။

ကမ္ဘာတဝန်းလုံးက ပင်လယ်ရေမျက်နှာပြင် အထက်မှာရှိတဲ့ မီးတောင်ရှင်တွေထဲက တဝက်ကျော်ဟာ အဲဒီအ ဝန်းအဝိုင်းမှာ ရှိနေပါတယ်။

၂၀၁၄ ခုနှစ်မှာ အင်ဒိုနီးရှား ဆူမားတြားကျွန်းမှာဖြစ်ခဲ့တဲ့ ဆူနာမီဒဏ်ကြောင့် လူပေါင်း ၂၂၆၀၀၀ သေဆုံးခဲ့သလို အိန္ဒိယ သမုဒ္ဒရာကို ဖြတ်ပြီး တိုက်ခိုက်ခဲ့တာကြောင့် အင်ဒိုနီးရှားမှာ လူပေါင်း ၁၂၀၀၀၀ သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကတည်း လွမ်ဘော့ကျွန်းမှာ အင်အားပြင်းတဲ့ ငလျင်တွေ ဆက်တိုက် လိုလို လှုပ်ခက်ခဲ့လို့ လူ ၄၆၀ ကျော် သေဆုံးခဲ့ပါတယ်။

 မိမိဆွေမျိုးတွေကို အပူတပြင်း လိုက်လံ ရှာဖွေသူ

"သူတို့ကံကြမ္မာ ကျနော်တို့ မသိရဘူး "

ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီက ဖျက်ဆီးခဲ့တဲ့ အပျက်အစီးဧရိယာထဲမှာပျောက်ဆုံးနေတဲ့ မိမိဆွေမျိုးတွေကို အပူတပြင်း လိုက်လံ ရှာဖွေသူတွေကို တွေ့နေရပါတယ်။

ကျနော့်မိသားစုဝင်သုံးယောက်တော့ သေသွားတာတော့သိတယ် လို့ အဲဒီလိုက်ရှာနေသူတွေထဲက တယောက်က ပြောပါတယ်။ အဲဒီထဲကမှ နှစ်ယောက်ကတော့ အသက်ကြီးရွယ်အိုတွေဖြစ်ပေမယ့် တယောက်ကတော့ ခပ်ငယ်ငယ် ကလေးအဖေ ပါလို့သူက ဆိုပါတယ်။

သူ့ရဲ့ မိသားစုဝင်တချို့လဲ ပျောက်ဆုံးနေဆဲဖြစ်ပြီး သူတို့ရဲ့ ကံကြမ္မာ ကျနော်တို့ မသိနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဒီလို အဖြစ်အပျက်တွေကတော့ အင်ဒိုနီးရှားက လူတွေအတွက် အကျွမ်းတဝင်ဖြစ်နေပါပြီ ။ သူတို့ဆီမှာ ၂၀၀၄ က ဖြစ်ခဲ့တဲ့ ဆူနာမီတွေရဲ့ အမှတ်တရတွေက ကျန်နေဆဲပဲဖြစ်ပါတယ်။

ငလျင်နဲ့ ဆူနာမီကြောင့် လူပေါင် ၃၈၄ ဦးထက်မနည်းသေဆုံးခဲ့

"သူတို့ပြောတဲ့ ရှင်သန်မှု"

ငလျင်စလှုပ်တော့ သူတို့အားလုံး အရမ်းထိတ်လန့်ပြီး အိမ်တွေထဲကို ပြေးဝင်ခဲ့ကြတယ်လို့ အသက်ရှင် ကျန်သူတွေထဲက အသက် ၃၉ နှစ် အရွယ်ရှိတဲ့ အန်ဆာဘခ်ျမင်က AFP သတင်းဌာနကို ပြောပါတယ်။

သူက ကျနော်တို့ လောလောဆယ်မှာ အစားအစာနဲ့ သောက်ရေသန့်တွေ လိုတယ်။ အခုညစားဖို့တောင် ဘာစားရမလဲ မသိဘူးလို့ ဆိုပါတယ်။

ပါလူမြို့မှာ နေထိုင်သူ တယောက်ဖြစ်တဲ့ ရူဆီဒန်တိုကလည်း လှိုင်းတံပိုးတွေ တက်လာပြီး အိမ်တွေကို တိုက်ချတဲ့အခါ ကျနော်လဲ ပြေးတော့တာပဲလို့ ဆိုပါတယ်။

ငလျင်လှုပ်တဲ့အခါ ပါလူမြို့ကို ဇနီး၊ သမီးတို့နဲ့ အတူ မင်္ဂလာပွဲ တခုတက်ဖို့ ရောက်နေတဲ့ ဒဝီဟာရီက ဟိုတယ်တခုထဲမှာ ရှိနေပါတယ်။

သူက အဲဒီအချိန်မှာ သူတို့ကို ကယ်ဖို့ အချိန်မရှိတော့ဘူးလို့ AP သတင်းဌာနကို သူက ပြောပါတယ်။ သူနောက်ဆုံးကြားလိုက်တာကတော့ သူ့ဇနီးရဲ့ ကယ်ဖို့အော်သံနဲ့ ဘယ်လိုမှ ကယ်ချိန်မရခဲ့ဘူးလို့ ဆိုပါတယ်။

သူ့မိန်းမနဲ့ကလေးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပေမယ့် သူကတော့ သူတို့လုံလုံခြုံခြုံရှိနေမယ်လို့ မျှော်လင့်နေတုန်းပါပဲလို့ ပါလူမြို့စစ်ဆေးရုံမှာ ပခုံးထိ ခိုက်ဒဏ်ရာရလို့ ဆေးကုသမှု ခံယူရင်း ဒဝီဟာရီက သူ့မိန်းမနဲ့ သမီးကို စောင့်နေပါတယ်။

ပါလူမြို့က လေကြောင်းထိန်းတယောက်ကတော့ အန္တရာယ်ရှိတဲ့ တာဝါ ပေါ်က မဆင်းပဲ နောက်ဆုံးအချိန်အထိ သူ့တာဝန်ကို ထမ်းဆောင်ရင်း သေဆုံးသွားခဲ့ပါတယ်။

ပါလူမြို့ကို အကူအညီပေးဖို့ လေယာဉ်ပြေးလမ်းတခုကို အသုံးပြုပြီး မြို့တော် ဂျကာတာနဲ့ ဆက်သွယ် ပျံသန်းနေပါတယ်။

ဒဏ်ရာရသူတွေကိုလည်း စစ်တပ် သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်ကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။ လူနာတွေကိုလည်း မြို့ပေါ်က ဆေးရုံွျှွေသာမက အနီးဆုံးစစ်တပ်နားက လယ်ကွင်းပြင်တွေမှာလဲ ယာယီဆေးရုံတွေ ဖွင့်ပြီး ကုသပေးနေပါတယ်။

သေဆုံးသွားသူတွေကိုတော့ ဆွေမျိုးသားချင်းတွေ လာပြီး ရှာဖွေ ကြည့်ရှုနိုင်အောင် ဆေးရုံ အပြင်ဘက်မှာ အိတ်တွေနဲ့ ချထားပေးထားပါတယ်။

BBC Burmese
https://www.bbc.com
ဆူနာမီအပြီး ပါလူမြို့ရဲ့ အပျက်အစီးမြင်ကွင်း ဆူနာမီအပြီး ပါလူမြို့ရဲ့ အပျက်အစီးမြင်ကွင်း Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.