ဆွီဒင်အိုင်ဒေါ ဖိုင်နယ်စာရင်းဝင် ကရင်လူငယ်စောကီစိုး

ဆွီဒင်အိုင်ဒေါ ဖိုင်နယ်စာရင်းဝင် ကရင်လူငယ်စောကီစိုး
ဆွီဒင် အိုင်ဒေါမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ကရင်တိုင်းရင်းသား စောကီစိုးဟာ နောက်ဆုံး ဆန်ခါတင်အဆင့် ရောက်ရှိ နေပါပြီ။

သူဟာ ကျောက်ကြီးမြို့နယ်မှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ သူအသက် ၃ နှစ်သား အရွယ်မှာ မိဘတွေက ထိုင်း-မြန်မာနယ်စပ်ကို ပြောင်းရွှေ့ခဲ့ပြီး၊ အဲဒီကမှ တဆင့် ဆွီဒင်နိုင်ငံကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

စောကီစိုးဟာ ဘောလုံးကန်ပြီး အသက်မွေးဖို့ ရည်ရွယ်ခဲ့ပေမယ့် ခြေထောက်ကျိုးခဲ့တာကြောင့် အခုလို အဆိုဘက်ကို ရောက်လာတယ်လို့ သူက ပြောပါတယ်။

" ပြိုင်ပွဲ ဝင်ဖြစ်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ ဘောလုံးကစားတာပဲ ဝါသနာပါခဲ့တာ၊ ဒါပေမယ့် ခြေထောက် ကျိုးသွားတယ်၊ ဘာမှလုပ်လို့ မရတော့ဘူး၊ မိတ်ဆွေတယောက်က ပြောလာလို့ ဝင်ပြိုင်ဖြစ်တာ၊ ခုလို တဆင့်ချင်း တဆင့် တက်လာတော့ ပြိုင်ရတာလည်း ပိုလေးနက်လာတယ်။ ကိုယ်ရဲ့ရည်မှန်းချက် ပန်းတိုင်လည်း ပိုနီးလာတယ်" လို့ စောကီစိုးက ဘီဘီစီကို ပြောပါတယ်။

သူဟာ ဆွီဒင်အိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အသက် ၁၅ နှစ် သားထဲက သွားရောက်ခဲ့ပေမယ့် အသက်မပြည့်လို့ အခု အသက် ၁၇ နှစ်ပြည့်မှ ဝင်ပြိုင်ခွင့် ရခဲ့တာပါ။

ပြိုင်ပွဲမှာ တကယ့်ကို အဆိုကောင်းတဲ့သူတွေ ရှိနေတာက စိန်ခေါ်မှု ဖြစ်ပြီး၊ အတတ်နိုင်ဆုံး သီဆိုမယ့် သီချင်းတွေကို လေ့ကျင့်တယ်၊ လူတွေ သဘောကျဖို့ မဲပေးဖို့လည်း ကြိုးစားရတယ်လို့ စောကီစိုးက ပြောပါတယ်။

စောကီစိုးရဲ့ မိခင်ဖြစ်သူကတော့ သူ့သား အခုလို ယှဉ်ပြိုင်နိုင်လို့ ခွန်အားဖြစ်ရသလို၊ ဗမာပြည်သား တယောက်က အခုလို ဝင်ပြိုင်ရတဲ့အတွက် ဆွီဒင်ရောက် ကရင်တွေရော၊ ဗမာတွေကပါ သူ့သားကို အားပေးကြလို့ ဝမ်းသာတယ်လို့ ပြောပါတယ်။

ဆွီဒင်အိုင်ဒေါ ဖိုင်နယ်စာရင်းဝင် ကရင်လူငယ်စောကီစိုး
သူ့သားဟာ ဘောလုံးဝါသနာပါသလို သီချင်းဆိုလည်း ဝါသနာပါပြီး နှစ်သစ်ကူးပွဲတွေနဲ့ တခြားပွဲတော်တွေမှာလည်း သီချင်းဆိုလေ့ ရှိတယ်လို့ စောကီစိုးရဲ့ မိခင်က ပြောပါတယ်။

စောကီစိုးရဲ့ရည်မှန်းချက်က အဆိုတော်ဖြစ်ဖို့ ရည်ရွယ်သလို ကမ္ဘာ့အနှံလည်း ခရီးထွက်ချင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူမွေးဖွားခဲ့တဲ့ နေရာကို ပြန်သွားပြီး သီချင်းတွေလည်း ဆိုပြချင်၊ အကူအညီတွေလည်းပေးဖို့ ဆန္ဒရှိတယ်လို့ သူက ပြောပါတယ်။

စောကီစိုးဟာ ၂၀၁၈ ခုနှစ် ဆွီဒင်အိုင်ဒေါရဲ့ နောက်ဆုံးဆန်ခါတင် ၁၃ ဦးမှာ ပါဝင်လာတာဖြစ်ပြီး အိုင်ဒေါပြိုင်ပွဲတွေရဲ့ ပုံစံအတိုင်း ရက်သတ္တပတ်မှာ တယောက် ထုတ်ပယ်ခံရပြီး တဆင့်ချင်းဆီနဲ့ နောက်ဆုံးအဆင့် Idol Winner ဖြစ်တဲ့အထိ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဆွီဒင်အိုင်ဒေါရဲ့ နောက်ဆုံးဖိုင်နယ်အဆင့် Idol Winner ရွေးချယ်မယ့်ရက်ကတော့ လာမယ့် ဒီဇင်ဘာ ၁၄ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com
ဆွီဒင်အိုင်ဒေါ ဖိုင်နယ်စာရင်းဝင် ကရင်လူငယ်စောကီစိုး ဆွီဒင်အိုင်ဒေါ ဖိုင်နယ်စာရင်းဝင် ကရင်လူငယ်စောကီစိုး Reviewed by THITHTOOLWIN on 10:14 Rating: 5
Powered by Blogger.