နတ်မြစ်ကမ်းစပ်တွင် အမျိုးသမီးအလောင်း ၂ လောင်းတွေ့ရှိ၊ တစ်ဘက်နိုင်ငံသို့ ခိုးထွက်သူ ၁၂ ဦးဖမ်းမိ


နိရဉ္စရာ၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် နတ်မြစ်ကမ်းစပ်တွင် အမည်မသိ အမျိုးသမီး ၂ ဦး အလောင်းကိုတွေ့ရှိခဲ့ပြီး စက်တင်ဘာ ၂၇ နှင့် ၂၈ ရက်အတွင်း တစ်ဖက်နိုင်ငံသို့ ခိုးထွက်သူ ၁၂ ဦးကို ဖမ်းမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖော်ပြရာတွင် မောင်တောမြို့နယ်စပ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၈ ရက် နံနက် ၁ နာရီခန့်တွင် မောင်တောမြို့၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ ခြံစည်းရိုးတိုင်အမှတ် ၃၄၀ နှင့် ၃၅၀ ကြား၌မသင်္ကာဖွယ် လူ ၁၅ ဦးခန့်အား တွေ့ရှိသဖြင့် ခေါ်ယူခဲ့ရာ ဘင်္ဂါလီအမျိုးသမီးများဖြစ်သော မောင်တောမြို့နေ မမော်တာဘေဂေါင်(ဘ) ဇော်ကော်ရီယာနှင့် မဒိလာရာဘေဂေါင်(ဘ)နူရ်ရိုလောက်တို့ကို ဖမ်းဆီးရမိခဲ့သည်။

ကျန်လူ ၁၃ ဦးမှာ တစ်ဖက် နိုင်ငံခြံစည်းရိုးအပြင်ဘက်သို့ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးရာ နံနက် ၇ နာရီခွဲခန့်တွင် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးရမိသည့် နေရာ၏ အနောက်ဘက် မီတာ ၂၀ ခန့်အကွာရှိ လမုပင်များ ကြားပုန်းအောင်းနေသည့် ဘင်္ဂါလီ လူမျိုး ၅ ဦးကို ထပ်မံ ဖမ်းမိခဲ့သည်။

၎င်း ၅ ဦးအထဲတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့်ကလေးနှစ်ဦး ပါဝင်သည်ဟု သတင်းတွင် ဖော်ပြသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက် အရ ၎င်းတို့နှင့်အတူ အမျိုးသားခုနစ်ဦး၊ အမျိုးသမီးရှစ်ဦး၊ စုစုပေါင်း ၁၅ ဦးသည် မင်္ဂလာကြီးကျေးရွာအုပ်စု၊ မိကျောင်းတက်ကျေးရွာနေ ရှော်ဖီအာ မောက်(ဘ)ဖော်ဇီရာမောက် ဆိုသူအား ငွေကျပ်လေးသိန်းပေးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လှေဖြင့်သွားရောက်ရန် ခြံစည်း ရိုးမှတိုးထွက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။

၎င်းနေရာအနီးတစ်ဝိုက် ဆက်လက်ရှာဖွေရာ နံနက် ၈ နာရီ မိနစ် ၄၀ တွင် အဆိုပါနေရာ၏အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာ နတ်မြစ်ကမ်းစပ်၌ ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ရေနစ်သေဆုံးသည်ဟုယူဆရသော ဘင်္ဂါလီအမျိုးသမီးအလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

အလားတူ စက်တင်ဘာ ၂၇ ရက် နံနက် ၂ နာရီခန့်တွင်လည်း မောင်တောမြို့နယ်၊ မင်္ဂလာကြီး ချောင်းဝအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မင်္ဂလာကြီးချောင်းအတိုင်း နတ်မြစ်ဘက်သို့ လှော်ခတ် လာသော လှေတစ်စင်းအားတွေ့ရှိသဖြင့် အချက်ပြခေါ်ယူစစ်ဆေးခဲ့ရာ အာဖီဒူလာအပါအ၀င် ဘင်္ဂါလီအမျိုးသားငါးဦး အား အဖြူရောင်ဆာလာအိတ် ၃၅ အိတ်ဖြင့်ထည့်ထားသော Energy Plus တံဆိပ်ပါ ကွေကာအုပ် ၃၂၅ ထုပ်၊ Rich တံဆိပ်ပါ ကော်ဖီမစ်၄၂၀ ထုပ်၊ Happy တံဆိပ်ပါတီးမစ် ၂၂၀ ထုပ်၊ ဆေးရွက်ကြီးအမှုန့် သုံးအိတ်၊ ထုံးတစ်အိတ်၊ ကွမ်းသီးနှစ်အိတ်၊ ကွန်မန်ဒိုတံဆိပ်ပါ အချိုရည် ၁၉ ဖာ၊ ရွှေခြင်္သေ့တံဆိပ်ပါ လက်ဖက်ခြောက် ၃၀၀ထုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
နတ်မြစ်ကမ်းစပ်တွင် အမျိုးသမီးအလောင်း ၂ လောင်းတွေ့ရှိ၊ တစ်ဘက်နိုင်ငံသို့ ခိုးထွက်သူ ၁၂ ဦးဖမ်းမိ နတ်မြစ်ကမ်းစပ်တွင် အမျိုးသမီးအလောင်း ၂ လောင်းတွေ့ရှိ၊ တစ်ဘက်နိုင်ငံသို့ ခိုးထွက်သူ ၁၂ ဦးဖမ်းမိ Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.