နိုင်ငံခြားအလုပ်သမားတွေ ဂျပန် ပိုမိုလက်ခံမည်


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono တားရို ကိုးနို က နိုင်ငံခြားအလုပ်သမားတွေကို ပိုမိုလက်ခံမယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ ဂျပန်ဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။

ဂျပန်နိုင်ငံအနေနဲ့ မွေးဖွားနှုန်း ကျဆင်းမှုကြောင့် နှစ်စဉ် လူဦးရေ ၅ သိန်းလောက် လျှော့ပါးနေတဲ့အတွက် နိုင်ငံခြားအလုပ်သမားတွေကို ပိုမိုလက်ခံခြင်းအားဖြင့် အကျိုးရှိပါကြောင်း၊ အလုပ်လုပ်ကိုင်ခွင့် ထုတ်ပေးရေးအတွက် မူဝါဒသစ်တရပ်ချမှတ်ဖို့အခု ကြိုးစားနေကြောင်းနဲ့ ဂျပန်လူမှုအသိုင်းအဝန်းနဲ့ ဝင်ဆံ့မယ်ဆိုရင် ဂျပန်နိုင်ငံကို လာရောက်လုပ်ကိုင်လိုသူ မည်သူ့ကိုမဆို ကြိုဆိုပါကြောင်း စသဖြင့် ဝန်ကြီး တားရို ကိုးနို ကပြောပါတယ်။

ဂျပန်နိုင်ငံဟာ အစဉ်အလာအားဖြင့် နိုင်ငံခြားက လာရောက်လုပ်ကိုင်သူတွေကို သိပ်ပြီး လက်ခံလေ့မရှိပါဘူး။ တခါတရံမှာ နိုင်ငံခြားအလုပ်သမားတွေအတွက် စည်းကမ်းကန့်သတ်ချက်တွေကို လျော့ပေးလေ့ရှိပေမဲ့ စီးပွားရေး ကျဆင်းတဲ့ကာလတွေမှာ ပြန်ပြီး တင်းကြပ်လေ့ရှိပါတယ်။ ဂျပန်လူမျိုးအများစုက သူတို့ ဘာသာစကား မပြောတတ်သူတွေ၊ သူတို့ ယဉ်ကျေးမှုအစဉ်အလာ မသိသူတွေကို သိပ်မကြိုက်ပါဘူး။

နိုင်ငံခြားရေးဝန်ကြီး ကိုးနိုကတော့ မိမိတို့ ဂျပန်နိုင်ငံဟာ တံခါးဖွင့်ဝါဒကို ကျင့်သုံးနေပါတယ်။ လူမျိုး ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရတာ ကောင်းမွန်လှပါတယ်။ မိမိတို့ နိုင်ငံလာရောက်မယ့် နိုင်ငံခြားတိုင်းပြည်တွေက အလုပ်သမားတွေအတွက် လမ်းဖွင့်ပေးနေပါပြီလို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
နိုင်ငံခြားအလုပ်သမားတွေ ဂျပန် ပိုမိုလက်ခံမည် နိုင်ငံခြားအလုပ်သမားတွေ ဂျပန် ပိုမိုလက်ခံမည် Reviewed by THITHTOOLWIN on 10:19 Rating: 5
Powered by Blogger.