ကွယ်လွန်သူ ဂျွန်မက်ကိန်းကို ကန်သမ္မတဟောင်းတွေ ချီးကျူးဂုဏ်ပြု

သမ္မတဟောင်း Bill Clinton နဲ့ဇနီး နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton၊ ဒုသမ္မတဟောင်း Dick Cheney နဲ့ဇနီးတို့ ဂျွန်မက်ကိန်းအောက်မေ့ဖွယ် အခမ်းအနား တက်ရောက်လာစဉ်။
အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရ အထက်လွှတ်တော်အမတ်တဦးဖြစ်သူ John McCain အမှတ်တရကျင်းပတဲ့ ငါးရက် ကြာ ဂုဏ်ပြု အခမ်းအနားတွေ (ဒီကနေ့) တနင်္ဂနွေနေ့မှာ အဆုံးသတ်မှာဖြစ်ပြီး သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို မေရီလန်းပြည်နယ်၊ Annpolis မြို့က သူ တက်ရောက်သင်ယူခဲ့တဲ့ အမေရိကန် ရေတပ်အကယ်ဒမီ စစ်သင်္ချိုင်းမှာ မြေမြှုပ် သဂြုင်္ိဟ်မှာဖြစ်ပါတယ်။

မစ္စတာမက်ကိန်းကို သူ့ရဲ့ ရေတပ်အကယ်ဒမီ အတန်းဖော်နဲ့ မိတ်ဆွေဟောင်းကြီးဖြစ်သူ ၂၀၁၄ ခုနှစ်က ကွယ်လွန်သွားတဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Chuck Larson ရဲ့ အုတ်ဂူဘေးမှာ မြေမြှုပ် သဂြုင်္ိဟ်မှာပါ။

စနေနေ့က ဝါရှင်တန်မြှို့တော် National Cathedral ဘုရားကျောင်းကြီးထဲမှာကျင်းပတဲ့ အမှတ်တရ အောက်မေ့ဖွယ် အခမ်းအနားကို သမ္မတဟောင်းတွေ၊ လွှတ်တော်အမတ်တွေ စသည်အားဖြင့် အမေရိကန်နိုင်ငံရေးလောကနဲ့ နယ်ပယ်ပေါင်းစုံက ထင်ရှားသူတွေ တက်ရောက်ကြပါတယ်။

အမေရိကန်ရဲ့ အထင်ကရ ရီပတ်ဘလီကင်အထက်လွှတ်တော်အမတ် ဗီယက်နမ်စစ်ပြန် ဂျွန်မက်ကိန်းရဲ့ အောက်မေ့ဖွယ်အခမ်းအနား
မစ္စတာမက်ကိန်းအတွက် အမှတ်တရဂုဏ်ပြုစကား ပြောကြားသူတွေထဲ တဦးဖြစ်တဲ့ သမ္မတဟောင်း ဘရာ့ခ် အိုဘားမားက လက်ရှိ အမေရိကန်နိုင်ငံရေးအခြေအနေဟာ “သေးသိမ်ပြီး ညံ့ဖျင်းနိမ့်ကျ” နေတယ်လို့ ပြောပါတယ်။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို နာမည်နဲ့တကွ ထည့်မပြောဘဲ သမ္မတအိုးဘားမားက “ရဲရင့်ပြီး ခိုင်မာတဲ့ နိုင်ငံရေးလို ဟန်ဆောင်နေပေမဲ့ တကယ်တမ်းကျတော့ အကြောက်တရား ကြီးစိုးနေတာပါ။ အဲဒါထက် ပိုပြီး ကြီးမြင့်ဖို့ John က ကျနော်တို့ ကို တောင်းဆိုခဲ့တာပါ၊ အဲဒါထက် ပိုကောင်းမွန်ဖို့ သူက ကျနော်တို့ကို တောင်းဆိုခဲ့တာပါ” လို့ ပြောပါတယ်။

သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူ ဘုရှ်လည်း အမှတ်တရ ဂုဏ်ပြုစကားပြောပြီး မစ္စတာမက်ကိန်းဟာ “ဂုဏ်ပြုခံထိုက်သူ၊ သူ့ရဲ့ ပြိုင်ဘက်တွေဟာ မျိုးချစ်ပုဂ္ဂိုလ်တွေ၊ လူသားတွေဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုသူ” ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လက်ရှိ အမေရိကန်နိုင်ငံရေးဟာ မစ္စတာမက်ကိန်းရဲ့ ကိုယ်ပိုင်ယုံကြည်ချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့လည်း ပြောပါတယ်။

မစ္စတာမက်ကိန်းက သူ့ရဲ့နာရေးမှာ သမ္မတဟောင်း ဘုရှ်နဲ့ သမ္မတဟောင်း အိုဘားမားတို့ အမှတ်တရစကားပြောပေးဖို့ မကွယ်လွန်မီကတည်းက စီစဉ်သွားတာပါ။ ဒါပေမဲ့ သမ္မတထရမ့်ပ်ကိုတော့ မစ္စတာမက်ကိန်းအတွက် အမှတ်တရ ဂုဏ်ပြုအခမ်း အနား တခုကိုမှ ဖိတ်ကြားတာမရှိပါဘူး။

စနေနေ့အခမ်းအနားမှာ စကားပြောကြတဲ့ တခြားလူပုဂ္ဂိုလ်တွေထဲ အထက်လွှတ်တော်အမတ် Lindsey Graham ၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Henry Kissinger တို့လည်း ပါဝင်ပါတယ်။

မစ္စတာမက်ကိန်းရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်ကလပ် ထည့်ထားတဲ့အခေါင်းကို သယ်ဆောင်ကြသူတွေထဲမှာတော့ သရုပ်ဆောင် Warren Beatty ၊ ဒုသမ္မတဟောင်း ဂျိုး ဘိုင်ဒန်၊ နယူးယောက်မြို့တော်ဝန်ဟောင်း Michael Bloomberg တို့လည်း ပါဝင်ပါ တယ်။

မစ္စတာမက်ကိန်းဟာ ဦးနှောက်ကင်ဆာရောဂါကို ကာလအတော်ကြာ ခံစားရပြီးတဲ့နောက် အသက် ၈၁ နှစ်အရွယ်မှာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
ကွယ်လွန်သူ ဂျွန်မက်ကိန်းကို ကန်သမ္မတဟောင်းတွေ ချီးကျူးဂုဏ်ပြု ကွယ်လွန်သူ ဂျွန်မက်ကိန်းကို ကန်သမ္မတဟောင်းတွေ ချီးကျူးဂုဏ်ပြု Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.