တနိုင်းမြို့၌ နေအိမ်တွင်အိပ်နေသူ ညီအစ်မနှစ်ဦးအား မိုင်းခွဲလုပ်ကြံသော်လည်း အသက်ဘေးမှလွတ်မြောက်

တနိုင်းမြို့၌ နေအိမ်တွင်အိပ်နေသူ ညီအစ်မနှစ်ဦးအား မိုင်းခွဲလုပ်ကြံသော်လည်း အသက်ဘေးမှလွတ်မြောက်
တနိုင်း ၂ စက်တင်ဘာ

ကချင်ပြည်နယ် တနိုင်းမြို့တွင် လွန်ခဲ့သော(၂)နှစ်ခန့်က ဖြစ်ပေါ်ခဲ့သော ချစ်ရေးဆိုပြသနာ ရန်ငြိုးကြောင့် နေအိမ်တွင်အိပ်နေသူ ညီအစ်မနှစ်ဦးအား အသက်သေအောင် မိုင်းခွဲလုပ်ကြံသော်လည်း ညီမနှစ်ဦး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

လွန်ခဲ့သော(၂)နှစ်ခန့်က မမေရီ (၂၅)နှစ် (အပျို)သည် ဦးတီမာဝူး၏ ရွှေတူးလုပ်ငန်းတွင် ထမင်းချက်အဖြစ် လုပ်ကိုင်နေစဉ် ဦးတီမာဝူးမှ မမေရန်အား ချစ်ကြိုက်ကြောင်း ပြောဆိုခဲ့ရာ မမေရီက လက်မခံဘဲ တစ်လခန့်သာလုပ်ကိုင်ခဲ့ပြီး နေအိမ်သို့ ပြန်ခဲ့ကြောင်း၊ နေအိမ်တွင်ရှိနေစဉ် ဦးတီမာဝူးက မမေရမ်အား မိခင်ရှေ့၌ပင် ထပ်မံ၍ ချစ်ရေးဆိုခြင်းများကြောင့် မိခင်ဖြစ်သူမှ ဆဲဆိုမောင်းထုတ်ခဲ့ကြောင်း၊ ၎င်းအားမောင်းထုတ်မှုအပေါ် ဦးတီမာဝူးက မမေရီမိသားစုတို့အပေါ် ကျေနပ်မှုမရှိခဲ့ကြောင်း၊ ဦးတီမာဝူးသည် သား/သမီး ၆ ယောက်ရှိ အိမ်ထောင်သည်ဖြစ်ကြောင်း၊ မမေရီ၏မိခင် သေဆုံးပြီး နှစ်လခန့်အကြာတွင် ညပိုင်းနေအိမ်၌အိပ်နေသူ မမေရီတို့ ညီအစ်မနှစ်ဦးနေအိမ်သို့ ဦးတီမာဝူး ရောက်ရှိလာပြီး မိုင်းခွဲ၍ လုပ်ကြံခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ မမေရီနှင့် မငွါးချာလီတို့ ညီအစ်မနှစ်ဦးသည် စက်တင်ဘာ ၂ ရက် နံနက် ၃ နာရီက တနိုင်းမြို့ ပုန်ခုန်းကွက်သစ် နေအိမ်၌ အိပ်နေကြစဉ် ဦးတီမာဝူးသည် အိမ်ပေါ်အိပ်ခန်းတံခါးဝထိ တက်လာခဲ့ရာ ၎င်းတို့ညီမနှစ်ဦးက ဓါတ်မီးဖြင့်ထိုးကြည့်ခဲ့ပြီး ပတ်ဝန်းကျင်အား အော်ဟစ်အကူညီတောင်းသည့်အခါ ဦးတီမာဝူးသည် ဝရန်တာနားသို့ ရောက်ရှိသွားကာ အသင့်ယူဆောင်လာသော မိုင်းနှင့် မိုင်းစကြိုးအား ခြင်ဆေးခွေမီးဖြင့်တို့၍ ပစ်ချထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းခုန်ချထွက်ပြေးပြီး ၂/၃ မိနစ်ခန့်အကြာ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ပေါက်ကွဲချိန်တွင် ၎င်းတို့ညီမနှစ်ယောက် အိမ်အပြင်ဘက်သို့ ရောက်ရှိခြင်းကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ နယ်မြေခံတပ်မှ ဒေသကွပ်ကဲရေမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ ချက်ချင်းရောက်ရှိကာ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူ ဦးတီမာဝူးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ဦးတီမာဝူးထံမှ စနက်ကြိုးရိုးရိုး ၁ ချောင်း၊ စနက်ကြိုးအမြန် ၇ ချောင်း၊ မီးရှို့စနက်တံ ၁ ချောင်း၊ လျှပ်စစ်စနက်တံ ၂ ခု၊ ၅့ ၅၆ ကျည် ၃ ထောင့်၊ M-22 ကျည် ၃ ထောင့်၊ ခဲသီး ၂ဝ လုံး၊ ယမ်းစိမ်း ၄၆၀ ဂရမ်၊ တူမီး ၁ လက်၊ ဒေသန္တရ လက်လုပ်မိုင်းကိုယ်ထည် ၆ ခုတို့ကို ရှာဖွေတွေ့ရှိရသဖြင့် ဦးတီမာဝူး (၄၅)နှစ် တနိုင်းမြို့နေသူအား တနိုင်းမြို့မရဲစခန်းက ဖမ်းဆီးအမှုဖွင့်၍ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆီမီးခုံ- နန်းရီ
ဓါတ်ပုံ- တိမ်နီဥက္ကာ (ဟူးကောင်းလွင်ပြင်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
တနိုင်းမြို့၌ နေအိမ်တွင်အိပ်နေသူ ညီအစ်မနှစ်ဦးအား မိုင်းခွဲလုပ်ကြံသော်လည်း အသက်ဘေးမှလွတ်မြောက် တနိုင်းမြို့၌ နေအိမ်တွင်အိပ်နေသူ ညီအစ်မနှစ်ဦးအား မိုင်းခွဲလုပ်ကြံသော်လည်း အသက်ဘေးမှလွတ်မြောက် Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.