အ.ပ.က ပုဒ်မ ၃ နဲ့ ဒေါ်ဝင်းဝင်းနု ကို စွဲချက်တင်

ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးကို တွေ့ရစဉ် / Photo: RFA
၁၉၉၃ ခုနှစ်က မန္တလေးဘီယာစက်ရုံကို စစ်အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာရောင်ခြည်ဦး ကုမ္ပဏီ ပိုင်ရှင် ဒေါ်ဝင်းဝင်းနုကို အများနဲ့ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အ.ပ.က ပုဒ်မ ၃ နဲ့ ဒီကနေ့ ဒေါ်ပုံမြို့နယ် အရှေ့ပိုင်းခရိုင်တရားရုံးက စွဲချက်တင်လိုက်ပါတယ်။

ဒေါ်ဝင်းဝင်းနုရဲ့ မိသားစုဝင်တဦးဖြစ်ပြီး အလုပ်အတူတူလုပ်ကိုင်ခဲ့တဲ့ ဦးကျော်လင်းက အခုလို ပြောပါတယ်။

"ဒီကနေ့မှာ သူ့ကို အမှု ၃ မှုနဲ့ စွဲထားတယ်လေ၊ အပက ၃ နဲ့ အဲ ၃ မှုစလုံးကို စွဲချက်တင်လိုက်တယ်လေ၊ တရားသူကြီးက ပြစ်မှုမြောက်တယ်လို့ ယူဆပြီးတော့ စွဲချက်တင်လိုက်တယ်"

အဲဒီလို စွဲချက်တင်လိုက်တဲ့အတွက် ဒေါ်ဝင်းဝင်းနုဟာ အာမခံမရတဲ့အပြင် ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် တစ်သက်တစ်ကျွန်းအထိ ကျခံရမယ့်ကိန်းရှိနေပါတယ်။

အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါ်ဝင်းဝင်းနုဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလကတည်းက စင်္ကာပူကနေ ပြန်အရောက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်မှုမရှိဘူးလို့ ဦးကျော်လင်း က ပြောပါတယ်။

မန္တလေးဘီယာစက်ရုံလည်ပတ်စဉ် ၁၉၉၄ နဲ့ ၁၉၉၈ ခုနှစ်အတွင်းက ဘီယာချက်ဖို့ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနကနေ သကြားတွေဝယ်ယူရာမှာ ဈေးနှုန်းကို မမှန်မကန် တင်ပြခဲ့တယ်ဆိုပြီး အထူးစုံစမ်းစစ်ဆေးရေး ဌာန (စသုံးလုံး) က ဖမ်းဆီးခဲ့တယ်လို့ ကနဦး သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီအမှုအတွက် တရားလိုပြသက်သေ ၁၀ ဦးနီးပါကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

မန္တလေး ဘီယာစက်ရုံကို အမှတ် ၁ စက်မှုဝန်ကြီးဌာနနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့ပြီး ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့မှာ ဝန်ကြီး ဦးအောင်သောင်းရဲ့ အမိန့်နဲ့ အစိုးရက ပြန်ပြီးသိမ်းယူခဲ့ပါတယ်။

အမှုကို လာမယ့် စက်တင်ဘာ ၆ ရက်နေ့ကို ချိန်းဆိုလိုက်ပြီး တရားခံပြသက်သေတွေကို ဆက်လက်စစ်ဆေးသွား မှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
အ.ပ.က ပုဒ်မ ၃ နဲ့ ဒေါ်ဝင်းဝင်းနု ကို စွဲချက်တင် အ.ပ.က ပုဒ်မ ၃ နဲ့ ဒေါ်ဝင်းဝင်းနု ကို စွဲချက်တင် Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.