ANP မဲဆွယ်ဟောပြာချက်စာတမ်း ကို ပြင်ဆင်မှာမဟုတ်

ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကို တွေ့ရစဉ်
Photo: Tun Aung Kyaw/ Facebook
အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုမှာ ထုတ်လွှင့်မယ့် ရခိုင်အမျိုးသားပါတီ ANP ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ဟောပြောချက်စာတမ်းကို ပြန်လည်ပြင်ဆင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားပေမယ့် ပါတီဘက်ကတော့ ပြန်လည်ပြင်ဆင်ပေးမှာ မဟုတ်ကြောင်း ANP ပါတီခေါင်းဆောင်တစ်ဦးက ပြောလိုက်ပါတယ်။

မပြင်ပေးနိုင်တဲ့အတွက် ကော်မရှင်က ခွင့်မပြုဘူးဆိုရင်လည်း ရုပ်မြင်သံကြားမှာ ဟောပြောမှာ မဟုတ်ဘူးလို့ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။

“လူမျိုးကိုအခြေခံတဲ့ ပြည်နယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုပေါ်ပေါက်ရေး ဆိုတဲ့စာသားကို အဲဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မကိုက်ညီတဲ့အတွက် အဲဒီစာသားကို ပြန်ပြင်ဖို့ဆိုပြီးတော့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားလာပါတယ်။ ပါတီရဲ့မူဝါဒကို အလွယ်တကူပြုပြင်ပြောင်း လဲလို့ မရနိုင်ပါဘူး။ ပြုပြင်ပြောင်းလဲမှုမလုပ်လို့ ကျနော်တို့ကို ခွင့်မပြုရင် ကျနော်တို့က ရုပ်မြင်သံကြား မှာ မပြောရုံပဲရှိတယ်”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ပြင်ဆင်ပေးဖို့ ပြောဖို့အချက်ထဲမှာ ရခိုင်လူမျိုးဆိုတဲ့ အသုံးအနှုန်းအစား ရခိုင်တိုင်းရင်းသားဆိုတဲ့ အသုံးအနှုန်းကို ပြောင်းသုံးပေးဖို့ ပါဝင်ပါတယ်။

လူမျိုးကိုအခြေခံတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုပေါ်ပေါက်ရေးဆိုတာဟာ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒဖြစ်တာမို့ ပြင်ဆင်ပေးဖို့ မရှိကြောင်း ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၀ ကနေ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွေအထိ နိုင်ငံပိုင်မီဒီယာတွေ ကနေ ဟောပြောမှုတွေလုပ်ခဲ့ရာမှာ ရခိုင်လူမျိုးလို့သာ သုံးနှုန်းခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက လစ်လပ်နေတဲ့ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေ စက်တင်ဘာလ ၅ရက်နေ့မှာ မဲဆွယ်ဟောပြောဖို့ လျာထားတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ANP မဲဆွယ်ဟောပြာချက်စာတမ်း ကို ပြင်ဆင်မှာမဟုတ် ANP မဲဆွယ်ဟောပြာချက်စာတမ်း ကို ပြင်ဆင်မှာမဟုတ် Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.