ထိုင်းရေတပ်သားဟောင်းအတွက် အောက်မေ့ဖွယ်ကျင်းပ

 တောဝက်အသင်းသားတွေကို ကယ်ဆယ်ရေးလုပ်ရင်း သေဆုံးသွားတဲ့ ထိုင်းရေတပ်သားဟောင်းပုံနဲ့အတူ ၂၀၁၈ ဇူလိုင် ၁၅ ရက်နေ့က တွေ့ရစဉ်
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ထမ့်လန်ဂူထဲ ပိတ်မိနေတဲ့ ကလေး ၁၂ ယောက်နဲ့ အသင်းနည်းပြတို့ကို ကယ်ဆယ်နေတုန်း ကွယ်လွန်သွားတဲ့ ထိုင်း ရေတပ် SEAL အဖွဲ့ဝင်ဟောင်းအတွက် ဘောလုံးသင်းအဖွဲ့ဝင်တွေက အောက်မေ့ဖွယ်အခမ်းအနား ကျင်းပတယ်လို့ ကျန်းမာရေးဝန်ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။

တောဝက်ဘောလုံးအသင်းဝင်တွေဟာ ဂူထဲ ဇွန်လ ၂၃ ရက်က ဝင်သွားပြီး မုတ်သုန်မိုးရေတွေ ဂူထဲဝင်လာလို့ ပြန်မထွက်နိုင်ဘဲ ၁၈ ရက်နေခဲ့ရပြီးတဲ့နောက် ဆေးရုံတက်ကြရာက အားလုံးနာလန်ထူလာကြပါတယ်။

ဒါပေမဲ့ ရုရှားနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးဗိုလ်လုပွဲကို တိုက်ရိုက်မကြည့်ရဘဲ နောက်မှကြည့်ရပါမယ်။ ပြင်သစ်နဲ့ ခရိုအေးရှားတို့ နောက်ဆုံးအဆင့် ဗိုလ်လုပွဲကျင်းပချိန်ဟာ ထိုင်းနိုင်ငံမှာ ည ၁၀ နာရီရှိနေပြီမို့ ကလေးတွေ နားနားနေနေ ရှိစေချင်ပြီး ရုပ်မြင်သံကြားဖန်သားပြင်ကို အားစိုက် မကြည့်စေချင်ဘူးလို့ ဆေးရုံတာဝန်ရှိသူက ပြောပါတယ်။

သူတို့ကိုကယ်ဆယ်ဖို့ အောက်ဆီဂျင်ဘူးတွေ သယ်ဆောင်ပေးတဲ့ ထိုင်း ရေတပ် SEAL အဖွဲ့ဝင်ဟောင်း Saman Kunan ဇူလိုင် ၆ ရက် ကွယ်လွန်သွားတဲ့အကြောင်းကိုလည်း ကလေးတွေရဲ့ စိတ်ခံနိုင်ရည်ရှိလောက်ပြီလို့ ဆေးကုသရေးအဖွဲ့က ပြောပြီးတဲ့နောက် စနေနေ့ကမှ အသိပေးတာပါ။

ဒီသတင်းကြောင့် ကလေးအားလုံး ငိုကြွေးကြပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာတွေရေးကြပါတယ်။ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တမိနစ်ငြိမ်သက်ကြပြီး Saman Kunan ကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ လူကောင်းလေးတွေဖြစ်အောင် ကြိုးစားမယ့်အကြောင်း ကတိပေးကြတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ထိုင်းရေတပ်သားဟောင်းအတွက် အောက်မေ့ဖွယ်ကျင်းပ ထိုင်းရေတပ်သားဟောင်းအတွက် အောက်မေ့ဖွယ်ကျင်းပ Reviewed by THITHTOOLWIN on 09:16 Rating: 5
Powered by Blogger.