ရှစ်တန်းကျောင်းသား ဓာတ်လိုက်သေဆုံးမှုအပေါ် ခုံရုံးဖွဲ့စစ်ဆေးမည်


ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်မှာ ဓာတ်ကြိုးပြတ်ကျ မှုကြောင့် ရှစ်တန်းကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး ပေါ့လျော့မှုရှိခဲ့တဲ့ သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေကို ခုံရုံးဖွဲ့ စစ်ဆေး သွားမယ်လို့ သိရပါတယ်။

ဓာတ်ကြိုးပြတ်ကျတဲ့အချိန်မှာ အချိန်မီအကြောင်းကြားခဲ့ပေမယ့် ပေါ့လျော့ မှုတွေရှိခဲ့တာကြောင့် ထိခိုက်နစ်နာခံရသူတွေအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့အတွက် စုံခုံဖွဲ့ စစ်ဆေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဇူလိုင်(၁၅)ရက် မနက်က လာရောက်ပြောကြားသွားတယ်လို့ တောင်ဥက္ကလာပ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က ပြောပါတယ်။

ဇူလိုင်(၁၃)ရက် ညနေ(၅)နာရီဝန်းကျင်ခန့်က တောင်ဥက္ကလာပမြို့နယ်(၇) ရပ်ကွက်နေ ရှစ်တန်းကျောင်းသား မောင်မျိုးမင်းထွန်းနဲ့ သူငယ်ချင်းဖြစ်သူ တစ်ဦး ကျုရှင်က ပြန်လာချိန်မှာ ကားတစ်စီးကို ရှောင်တိမ်းရာကနေ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမကြီးပေါ်က ရေအိုင်ထဲကို ပြုတ်ကျနေတဲ့ ဓာတ်ကြိုးနဲ့ ထိမိပြီး လဲကျသေဆုံးခဲ့တာဖြစ်တယ်လို့ CCTVမှတ်တမ်းတွေအရ သိရပါတယ်။

သားဖြစ်သူ ရုတ်တရက်ဆုံးပါးသွားတဲ့အတွက် လက်ရှိအချိန်မှာ ပူဆွေးသောကရောက်နေရတယ်လို့မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်ရွှေက ဆိုပါတယ်။ စုံခုံဖွဲ့စစ်တဲ့အခါမှာ တာဝန်ရှိတဲ့သူက တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို ဆက်လက် စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ဒေါ်သစ်သစ်မြင့်က ပြောပါတယ်။ လက်ရှိအချိန်မှာ ဓာတ်လိုက်သေဆုံးမှုကို တောင်ဥက္ကလာမြို့မရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် ၁၉/၂၀၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း-ရဲမင်းထွန်း
One News Myanmar
https://www.facebook.com/onenewsmyan
ရှစ်တန်းကျောင်းသား ဓာတ်လိုက်သေဆုံးမှုအပေါ် ခုံရုံးဖွဲ့စစ်ဆေးမည် ရှစ်တန်းကျောင်းသား ဓာတ်လိုက်သေဆုံးမှုအပေါ် ခုံရုံးဖွဲ့စစ်ဆေးမည် Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.