တိုင်းရင်းသားတွေ ၊ အစိုးရနဲ့ တပ်မတော် တို့ကြား ညှိနှိုင်းဖို့လိုပြီ

၁၆ကြိမ်မြောက် UPDJC အစည်းအဝေး နေပြည်တော်မှာ ဆွေးနွေးကျင်းပ
ဇူလိုင်လ ၉ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် UPDJC အစည်းအဝေးမှာ လုပ်ငန်းကော်မတီတွေ တင်ပြလာတဲ့ အချက်တွေထဲက ၄၀ ရာခိုင်နှုန်း လောက်ကိုပဲ အတည်ပြုနိုင်ခဲ့ပါတယ်။

တကယ်တော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးဟာ ၂၁ ရာစုပင်လုံညီလာခံရဲ့ တတိယအကြိမ် အစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို အတည်ပြုဖို့ ဖြစ်ပါတယ်။

ဇူလိုင် ၁၁ရက်မှာ စတင်ကျင်းပမဲ့ ၂၁ ရာစုပင်လုံညီလာခံရဲ့ တတိယအကြိမ် အစည်းအဝေးမှာ ဆွေးနွေးဖို့ လုပ်ငန်းကော်မတီ ၅ ခုက တင်ပြလာတဲ့ အချက် ၃၂ ချက်ရှိပြီး အဲဒီအထဲက ၁၂ ချက်ကို အတည်ပြုနိုင်ခဲ့တယ်လို့ UPDJC အစည်းအဝေးမှာ ပါဝင်တဲ့ ကိုယ်စားလှယ်တချို့က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေးကဏ္ဍမှာ လုပ်ငန်း ကော်မတီက တင်ပြလာတဲ့ အချက် ၇ ချက်ထဲက ၂ ချက် သာအတည်ပြုနိုင်ခဲ့သလို စီးပွါးရေး မှာလဲ လုပ်ငန်းကော်မတီက တင်ပြလာတဲ့ ၁၁ ချက်ထဲကမှ ၁ ချက်သာ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ လူမှုရေးကဏ္ဍ မှာလဲ လုပ်ငန်းကော်မတီက တင်ပြလာတဲ့ ၉ ချက်ထဲက ၇ ချက် သဘောတူနိုင်ခဲ့ပြီး မြေယာကဏ္ဍမှာတော့ လုပ်ငန်းကော်မတီက တင်ပြလာတဲ့ ၅ ချက်ထဲကမှ ၂ ချက် သဘော တူနိုင်ခဲ့တယ်လို့ UPDJC အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကျားခေါင်း ပါတီ ကိုယ်စားလှယ်ဦးစိုင်းကျော်ညွန့် ကပြောပါတယ်။

နိုင်ငံရေးကဏ္ဍမှာ ကျားမတန်းတူညီမျှရေး ကိုသာ ဆွေးနွေးခွင့်ရခဲ့ပြီး အဲဒီခေါင်းစဉ်အောက်က ခွဲခြားမှု မရှိစေရေးနဲ့ တန်းတူညီမျှရှိရေး မူဝါဒ ချမှတ်ရန် ဆိုတာ အပြင် အနည်းဆုံးအမျိုးသမီး ၃၀ရာခိုင်နှုန်း ပါဝင်လာရေးဆိုတဲ့ အချက် ၂ ချက်ကို မနေ့က သဘောတူညီနိုင်ခဲ့ပြီး အကာအကွယ် ပေးရေးနဲ့ စွမ်းရည်မြှင့်တင်းရေးကိစ္စကိုတော့ ဆက်လက် ဆွေးနွေးမယ် ဆိုတာမျိုးနဲ့ အဆုံးသတ်ခဲ့တယ်လို့ အစည်းအဝေး တက်ရောက်သူ ကိုယ်စားလှယ် တချို့ကပြောပါတယ်။

မြေယာကဏ္ဍမှာ ဆွေးနွေးဖို့ သဘောတူခဲ့တဲ့အချက် ၂ ချက်ဟာ နိုင်ငံတွင်းရှိမြေယာများကို နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားနှင့်တရားမဝင်နေထိုင်သူများ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့် မရှိစေရ ဆိုတဲ့ အချက်နဲ့ မြေယာ သုံးပြီး စီမံကိန်းတွေ ဖော်ဆောင်တဲ့အခါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု စမ်းစစ်ခြင်း လူမှုရေးဆိုင်ရာ ထိခိုက်မှုကို စမ်းစစ်ခြင်း ၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု များကို စမ်းစစ်ခြင်း နဲ့ ဒေသခံ လူထုများရဲ့ ဆန္ဒခံယူညှိနှိုင်းခြင်း စတဲ့ လုပ်ငန်းများကို ကြိုတင် ပြုလုပ်ရမှာ ဖြစ်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ မှာစတင် ကျင်းပမဲ့ ၂၁ ရာစု ပင်လုံညီလာခံရဲ့ တတိယအကြိမ် အစည်းအဝေးမှာ နိုင်ငံရေး ကဏ္ဍမှာ ကျားမ တန်းတူညီမျှရေး ခေါင်းစဉ်တခုသာ ဆွေးနွေးခွင့်ရတဲ့အတွက် စီးပွားရေးကဏ္ဍကို အဓိကဆွေးနွေးဖို့ မျှော်လင့် ထားခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း စီးပွါးရေး ကဏ္ဍအောက်မှာ ဆွေးနွေးဖို့ တင်ပြထားတဲ့ ၁၁ ချက်ထဲက မနေ့က အစည်းအဝေးမှာ ၁ ချက်သာ သဘောတူနိုင်ခဲ့တဲ့အတွက် လာမဲ့ ပင်လုံညီလာခံဟာ စိတ်ဝင်စားစရာ ပိုနည်းသွားခဲ့ပါတယ်။

တတိယအကြိမ် ပင်လုံညီလာခံ ကျင်းပဖို့ နှစ်ရက်အလိုမှာ ကျင်းပတဲ့ UPDJC အစည်းအဝေး
အခု UPDJC အစည်းအဝေးမှာ သဘောမတူခဲ့တဲ့ တချို့ အချက်အလက်တွေကို တပ်မတော်သားကိုယ်စားလှယ်တွေက ဇူလိုင် ၁၀ရက်နေ့မှာ ပြန်လည်ဆွေးနွေးဖို့ ရှိတဲ့အတွက် အချက်အလက် တချို့တော့ တိုးလာနိုင်တယ်လို့ ကိုယ်စားလှယ် တချို့ ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးမှာလဲ သဘောမတူနိုင်လို့ ချန်ထားခဲ့ရတဲ့ အချက်တွေရှိခဲ့လို့ ဒီတချိန်မှာလဲ ရှိလာတဲ့အတွက် နောက်ထပ်အစည်းအဝေးတွေမှာ အဆင်ပြေဖို့ ဆိုရင် တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေနဲ့ အစိုးရ အပြင် တပ်မတော် စတဲ့ အဖွဲ့အစည်းတွေ ကြားညှိနှိုင်းမှ ရတော့မယ်လို့ UPDJC အဖွဲ့ဝင် တချို့ကပြောပါတယ်။

(၁၆)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) ဒုတိယဥက္ကဋ္ဌတွေ ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာတင်မျိုးဝင်း၊ ဒေါက်တာ ဆလိုင်းလျန် မှုန်းဆာခေါင်း၊ ဦးသုဝေ၊ ပူးတွဲကော်မတီဝင်တွေဖြစ်တဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံ ရေးပါတီများ အစုအဖွဲ့တို့မှ UPDJC ကိုယ်စားလှယ်များ၊ အကျိုးဆောင်များနှင့် တာဝန် ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေ
ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ တက်ရောက်လာသူတွေက နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍနှင့် လုံခြုံရေး ကဏ္ဍတို့မှ မူဝါဒစာ တမ်းများတင်ပြ ဆွေးနွေးခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေး၏ သဘောတူ ဆုံးဖြတ်ချက် ချမှတ်ရေးကိစ္စ တွေကို ဆွေးနွေး ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
တိုင်းရင်းသားတွေ ၊ အစိုးရနဲ့ တပ်မတော် တို့ကြား ညှိနှိုင်းဖို့လိုပြီ တိုင်းရင်းသားတွေ ၊ အစိုးရနဲ့ တပ်မတော် တို့ကြား ညှိနှိုင်းဖို့လိုပြီ Reviewed by THITHTOOLWIN on 09:34 Rating: 5
Powered by Blogger.