တတိယမြောက် ကယ်ဆယ်ရေးနေ့ စတင်ပြင်ဆင်နေ

လူနာတင်ယာဉ်နဲ့ ကယ်ထုတ်လာတဲ့ ကလေးတွေကို ဆေးရုံတန်းပို့ပေးနေ
ထိုင်းနိုင်ငံက ထမ့်လွန်ဂူထဲ ပိတ်မိနေတဲ့ လက်ကျန် ဘောလုံးသမား ကလေးလေးယောက်နဲ့ နည်းပြတို့ရဲ့ ကျန်းမာရေးကောင်းမွန်ပြီး သူတို့ကို ကယ်ထုတ်ဖို့ ဇူလိုင် ၁၀ ရက် ဒီနေ့မှာ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ကတည်းက ဂူထဲ ပိတ်မိနေတဲ့ ကလေးတွေကို ကယ်ထုတ်ရေး အစီအစဉ်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက စတင်ခဲ့ရာမှာ မနေ့က အထိ ကလေးရှစ်ယောက်ကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အခုအခါ ကယ်ထုတ်ပြီးသား ဘောလုံးသမားလေးတွေ ကိုတော့ အနီးက ချင်းရိုင်ဆေးရုံမှာ ထားရှိတာ ဖြစ်ပါတယ်။

ပတမဆုံး ကယ်ထုတ်လာခဲ့တဲ့ ကလေးလေးယောက်ကို သီးသန့်ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးထားပြီး ကယ်ထုတ်လာတဲ့ ကလေးတွေကို မိဘ ဆွေမျိုးတွေနဲ့ တွေ့ခွင့် မပေး သေး ဘူးလို့ ဆိုပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းခွင်ကို ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်
ဒီနေ့ အင်္ဂါ နေ့မှာ ထမ့်လွန် ဂူကြီးထဲ မှာ ကျန်ရှိနေတဲ့ ကလေး ၄ ယောက် နဲ့ ဘောလုံး နည်းပြ ဆရာ ကို ကယ်ထုတ်ရေး ကို ထိုင်းအာဏာပိုင် တွေ အစီအစဉ် ဆွဲထားပြီး ဖြစ်ပါတယ်။

ရေငုပ်ကျွမ်းကျင်သူတွေ ဟာ ပထမ နေ့ က ကလေး၎ ယောက် ကို ကယ်ထုတ်လာအပြီး ဇူလိုင်လ ၉ ရက် တနင်္လာနေ့မှာ ကယ်ဆယ်ရေး ကို ဆောင်ရွက်တဲ့ အခါမှာ ပိုမို ချောမွေ့မှု ရှိလာတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း ဇူလိုင်လ ၈ ရက်နေ့ ည က မိုးရွာခဲ့ပေမဲ့ ဂူထဲ ရေ ပြည့်လျှံမှု မရှိလို့ ကလေး ၄ ယောက် ကို ထပ်မံ ကယ်ထုတ် နိုင်ခဲ့ပါတယ်။

တဖက်မှာလည်း ဂူထဲက ရေတွေ ကိုလည်း ရေစုပ်စက်တွေ နဲ့ မရပ်မနား စုပ်ထုတ်နေဆဲ မို့ ဂူထဲက ရေမျက်နှာပြင် ကိုလည်း တက်မလာ စေတဲ့ အတွက် ကယ်ဆယ်ရေး လုပ်ငန်း ကို အဆင်ချောစေခဲ့ပါတယ်။

ဒါ့အပြင် ကလေးတွေ ကိုဂူထဲမှာ ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးနေတဲ့ သြစတြေလျ ဆရာဝန် က စိတ်ငြိမ်ဆေးလည်း တိုက်ထားပုံ ရပြီး ကလေးတွေဟာ ရေမကူးတတ်၊ ရေမငုပ်တတ်ပေမဲ့ သူတို့ မျက်နှာပေါ် ဖုံးအုပ်ပေးထားတဲ့ မျက်နှာဖုံးတွေ ကို အောက်စီဂျင်ဘူးတွေ က ပိုက်တွေ နဲ့ ဆက်ပေးထားလို့ အသက် ကို ပုံမှန် ရှူနိုင်ကြပါတယ်လို့ ကလေးတွေ ကို အခုလို ချောချောမောမော ကယ်ထုတ်လာနိုင်တာနဲ့ ပတ်သက်လို့ ဗြိတိန် နိုင်ငံက ဂူအတွင်းမှ ကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့ ကောင်စီဝင် ပီတာဒဲနစ် က ရှင်းပြပါတယ်။

ကယ်ထုတ်လာပြီးတဲ့ ကလေးတွေ ကို မည်သူမည်ဝါ ဖြစ်ကြောင်း နာမည်နဲ့ တကွ ဖေါ်ထုတ်ခြင်း မပြုခြင်း ကလည်း ဂူထဲ ကျန်နေသေးတဲ့ ကလေးတွေ ရဲ့ မိဖ တွေ အနေနဲ့ စိုးရိမ် ကြောင့်ကျမှု ပိုရှိမှာစိုးလို့ ဖြစ်တယ် လို့ ကယ်ဆယ်ရေး လုပ်ငန်း အဖွဲ့ အကြီးအကဲ နာရွန်ဆတ် အိုဆသန်ကွန် က ပြောပါတယ်။

ကယ်ထုတ်ပြီး ကလေးတွေ ဟာ ကျန်းကျန်းမာမာ နဲ့ ပျော်ပျော်ရွှင်ရွှင် ရှိကြကြောင်း ၊ ပြင်ပ နဲ့ ပေးမတွေ့တာကလည်း ကူးစက်ရောဂါ ဖြစ်မှာ စိုးလို့ ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ မိဖ တွေ နဲ့ တွေ့ခွင့်ပေးတဲ့ အခါမှာလည်း မှန်နံရံ ပြင်ပ မှသာ တွေ့ခွင့်ပြုဖို့ ဆရာဝန်တွေ နဲ့ တိုင်ပင်ထားကြောင်း သူက သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောသွားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
တတိယမြောက် ကယ်ဆယ်ရေးနေ့ စတင်ပြင်ဆင်နေ တတိယမြောက် ကယ်ဆယ်ရေးနေ့ စတင်ပြင်ဆင်နေ Reviewed by THITHTOOLWIN on 09:34 Rating: 5
Powered by Blogger.