မြင့်ဆွေ ဆိုသူ စေခိုင်းလို့ ဦးကိုနီကို လုပ်ကြံတာလို့ ကြည်လင်း ထွက်ဆို

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံရာမှာ ပါဝင်ခဲ့သူတွေကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်/ Photo: Kyaw Zaw Win/RFA
ရှေ့နေ ဦးကိုနီကို လုပ်ကြံဖို့ မြင့်ဆွေဆိုသူက စေခိုင်းတာဖြစ်တယ်လို့ ဒီနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ သေနတ်သမား ကြည်လင်းက ထွက်ဆိုခဲ့ပါတယ်။

မြင့်ဆွေဆိုသူက ခြိမ်းခြောက်စေခိုင်းလို့ လုပ်တာဖြစ်ကြောင်း ထွက်ဆိုခဲ့တာလို့ ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ အသတ်ခံရတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းရဲ့ မိသားစုဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ကြည်လင်း  ထွက်ဆိုတာကတော့ဗျာ သူ့အနေနဲ့ ပိုက်ဆံရလို့ မဟုတ်ဘူးပေါ့နော်၊ သူ့ကို ပိုက်ဆံပေးလို့လည်း ပြောတာမဟုတ်ဘူး၊ အဲဒီလိုသဘောမျိုး သူ့က ဟိုစေတနာ့ဝန်ထမ်း ပရဟိတသဘောမျိုးနဲ့ သူကြောက်လို့၊ လန့်လို၊့  သူ့ကို သတ်မယ်၊ မင်းခေါင်းကိုခွဲပစ်မယ်  ဘာညာဆိုတဲ့ ချိန်းခြောက်မှုတွေကြောင့် သူ့က လုပ်ရတာ ပါလို့ သူကထွက်တာ။ ဘာကြောင့်ခိုင်းစေတယ်ဆိုတဲ့ အကြောင်းပြချက်ကိုလည်း ဘာမှတစ်စုံတစ်ရာမပြောဘူး၊ ဘာကြောင့်လည်းဆိုတဲ့ ဘယ်အကြောင်းပြချက်ကြောင့် ဒီလိုခိုင်းရတယ်ဆိုတဲ့ အကြောင်းလည်း သူက ပြောမသွားပါဘူး"

ရှေ့နေ ဦးကိုနီကို လုပ်ကြံမှုနဲ့ တရားစွဲဆိုခံထားရသူ လေးဦးထဲက ဦးကိုနီကို သေနတ်နဲ့ အနီးကပ်ပစ်ခတ်လုပ်ကြံ ခဲ့တဲ့ ကြည်လင်းကို ဒီကနေ့ စတင်စစ်ဆေးတာဖြစ်ပါတယ်။

ကြည်လင်းဟာ မြင့်ဆွေဆိုသူနဲ့ မန္တလေးမှာ ရင်းနှီးတာဖြစ်တယ်လို့ ထွက်ဆိုပေမယ့် မြင့်ဆွေဆိုသူရဲ့ ပုံပန်းသဏ္ဍန် ကိုတော့ အသေးစိတ်ပြောပြနိုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

ရှေ့နေ ဦးကိုနီဟာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။  မနက်ဖြန်မှာ အောင်ဝင်းဇော်ကို ဆက်လက်စစ်ဆေးမှာပါ။

RFA Burmese
https://www.rfa.org/burmese
မြင့်ဆွေ ဆိုသူ စေခိုင်းလို့ ဦးကိုနီကို လုပ်ကြံတာလို့ ကြည်လင်း ထွက်ဆို မြင့်ဆွေ ဆိုသူ စေခိုင်းလို့ ဦးကိုနီကို လုပ်ကြံတာလို့ ကြည်လင်း ထွက်ဆို Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.