နမ္မတူမြို့နယ်မှာ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် ရှိနေ

သီပေါမြို့နယ်က မိုးတေဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၈ ဇူလိုင်လ ၁၇ ရက်နေ့ကတွေ့ရစဉ် / Photo: Kan Thar/ RFA
ရှမ်းပြည်နယ် နမ္မတူမြို့နယ်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တချို့နဲ့ RCSS/SSA တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နမ္မတူမြို့နယ်ထဲမှာ ထွက်ပြေးတိမ်းရှောင်ကြတဲ့ ကျေးရွာသား တစ်ထောင်ကျော် ရှိနေပါတယ်။

နမ္မတူမြို့နယ်က ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် အ၀တ်အထည်တွေ မယူလာနိုင်ဘဲ ထွက်ပြေးလာကြတာလို့ ဆီလိန်ခမ်း ပရဟိတအဖွဲ့က ကိုကျော်စွာက ပြောပါတယ်။

"ရုတ်တရက် ထပြေးလာကြတော့ သူတို့ အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်တွေ ပါမလာကြဘူး"

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စုနားမှာ ဇူလိုင် ၁၆ ရက်ကစပြီး တိုက်ပွဲတွေ ဖြစ်တာကြောင့် ပန်လုံကျေးရွာအုပ်စုနဲ့ မိုင်းမုကျေးရွာအုပ်စုတွေက ဒေသခံတွေ ထွက်ပြေးခဲ့ကြရပါတယ်။

ပန်လုံကျေးရွာအုပ်စုက ဒေသခံရွာသားတွေဟာ သီပေါမြို့နယ်က မိုးတေဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတာ အယောက် ငါးရာလောက် ရှိနေပါတယ်။

မိုင်းမုကျေးရွာအုပ်စုက ထွက်ပြေးလာတဲ့ ဒေသခံ အယောက် ၇၀၀ ကျော်ကတော့ နမ္မတူမြို့နယ် မန်စံဘုန်းတော်ကြီး ကျောင်းမှာ ခိုလှုံနေကြရပြီး ခရစ်ယာန် စာသင်ကျောင်းမှာလည်း အယောက် ၁၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းအထိ နှစ်ဘက် တိုက်ပွဲတွေ ငြိမ်သက်နေပြီး ရွာသားတချို့ကတော့ ကျေးရွာအခြေအနေနဲ့ သူတို့ရဲ့ ကျွဲ၊ နွား တိရိစ္ဆာန်တွေကို ကြည့်ဖို့ ပြန်သွားကြတယ်လို့ ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
နမ္မတူမြို့နယ်မှာ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် ရှိနေ နမ္မတူမြို့နယ်မှာ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် ရှိနေ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.