လိုဏ်ဂူတွင်းကလွတ်လာတဲ့ ထိုင်းလူငယ် ၁၂ ဦး မီဒီယာနဲ့တွေ့ခွင့်ရ

လိုဏ်ဂူတွင်းကလွတ်လာတဲ့ ထိုင်းလူငယ် ၁၂ ဦးကို ၂ဝ၁၈ ဇူလိုင်လ ၁၈ ရက်နေ့က ဆေးရုံမှဆင်းပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် တစုတဝေးတည်း တွေ့ရစဉ်။(Photo: AFP)
 ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင် ထမ်လွမ်းလိုဏ်ဂူတွင်းကနေ ကယ်ထုတ်ခဲ့ရတဲ့ လူငယ်ဘောလုံးအသင်းသား ၁၂ ဦးဟာ ဆေးရုံကဆင်းခွင့် ရပြီဖြစ်ပြီး သတင်းမီဒီယာတွေနဲ့ ဒီနေ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။

မီဒီယာတွေအနေနဲ့ သိချင်တာတွေ မေးမြန်းနိုင်အောင် အခုလို သတင်စာရှင်းလင်းပွဲ ခေါ်ယူကျင်းပတာဖြစ်ပြီး၊ အဲဒီနောက်မှာတော့ ကလေးတွေ သတင်းမီဒီယာရဲ့ အနှောက်အယှက်ကင်းကင်းနဲ့ ပုံမှန်အတိုင်း ပြန်လည်နေထိုင်နိုင်ကြဖို့ ဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရသူ က AFP သတင်းဌာနကို ပြောပါတယ်။

ရေလျှံပြီး မည်းမှောင်နေတဲ့ လိုဏ်ဂူတွင်းမှာ သီတင်းနှစ်ပတ်ကျော် နေခဲ့ကြရတဲ့ ဒီကလေးတွေဟာ ရေရှည် စိတ်ဒဏ်ရာတွေ ရရှိသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ကလည်း... အရေးမကြီးတဲ့ မေးခွန်းတွေနဲ့၊ ကလေးတွေ စိတ်ထိခိုက်စေမယ့် မေးခွန်းတွေ မမေးကြဖို့ သတိပေးခဲ့ပါတယ်။

သတင်းဌာနတွေရဲ့ မေးခွန်းတွေကို ချင်းရိုင်ခရိုင် လူထုဆက်ဆံရေးဌာနက ကြိုတင်တောင်းယူပြီး၊ စိတ်ပညာရှင်တွေဆီကို စိစစ်ဖို့ လွှဲပြောင်းပေးခဲ့ပါတယ်။

ဆရာဝန်တွေကလည်း ကလေးတွေကို တလအတွင်း သတင်းထောက်တွေနဲ့ တွေ့ခွင့်မပေးဖို့ မိဘတွေကို အကြံပြုခဲ့ကြပါတယ်။

ကလေးတွေနဲ့ နည်းပြဖြစ်သူတို့ ရုပ်ပိုင်းစိတ်ပိုင်းကျန်းမာရေး ကောင်းမွန်နေကြပြီ ဆိုပေမဲ့ ဆက်ပြီး စစ်ဆေး စောင့်ကြည့်နေမယ်လို့ သိရပါတယ်။

ကလေးတွေဟာ ဒီနေ့ညနေပိုင်းမှာ ကိုယ့်မိသားစုရှိရာ နေအိမ်အသီးသီးကို ပြန်ကြတော့မှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
လိုဏ်ဂူတွင်းကလွတ်လာတဲ့ ထိုင်းလူငယ် ၁၂ ဦး မီဒီယာနဲ့တွေ့ခွင့်ရ လိုဏ်ဂူတွင်းကလွတ်လာတဲ့ ထိုင်းလူငယ် ၁၂ ဦး မီဒီယာနဲ့တွေ့ခွင့်ရ Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.