ကြေးနီစီမံကိန်းကိစ္စ ပြည်သူတွေ မနစ်နာအောင် ဆောင်ရွက်မည်

စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ ဒုတိယ တစ်နှစ်တာကာလ လုပ်ဆောင်ချက်တွေအကြောင်း သတင်းစာရှင်းလင်းပွဲကို ၂၀၁၈၊ ဇူလိုင် ၁၈ က ကျင်းပစဉ် / Photo: Khaymani Win/ RFA
ဒေသခံတချို့ ကန့်ကွက်မှုတွေရှိနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပြည်သူတွေ နစ်နာမှုမရှိအောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး က ပြောပါတယ်။

မုံရွာမြို့က စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ ပြုလုပ်တဲ့ အစိုးရအဖွဲ့ ဒုတိယ တစ်နှစ်တာကာလ  လုပ်ဆောင်ချက် တွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင် က အခုလိုပြောပါတယ်။

"အဆောက်အဦ နစ်နာကြေးတွေ၊ လယ်ပြုပြင်စရိတ်တွေ၊ ရွေ့ပြောင်းစရိတ်တွေ၊ မီတာ တပ်ဆင်ပေးတာတွေ အိမ်သုံးပစ္စည်းတွေကိုပါ ထောက်ပံ့ပေးနေပြီးတော့ ဆောင်ရွက်နေပါတယ်"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာနဲ့ မလွတ်ကင်းတဲ့အတွက် စီမံကိန်းအနီးက ကျေးရွာ လေးရွာကို ပြောင်းရွေ့ဖို့ သတ်မှတ်ထားပေမယ့် မပြောင်းရွေ့လိုတဲ့ ဒေသခံတွေက ကန့်ကွက်ဆန္ဒထုတ်ဖော် မှုတွေလည်း ရှိပါတယ်။

ဗိုလ်မှူးကြီး သန်းထွန်းအောင် က ကျေးရွာပြောင်းရွေ့ရတာဟာ အစီရင်ခံစာပါ အတိုင်း လုပ်ရတာဖြစ်တဲ့အတွက် ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။

ကျေးရွာပြောင်းရွေ့ရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကုမ္ပဏီ တာဝန်ရှိသူတွေ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လစဉ်အစည်းအဝေး ပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။

လက်ပံတောင်းတောင် စီမံကိန်းဧရိယာအနီးမှာ ပုဒ်မ ၁၄၄ တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားတာဟာ အများပြည်သူသွားလာရေး အန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ထားတာဖြစ်တာကြောင့် ပယ်ဖျက်သွားဖို့ မရှိဘူးလို့ စစ်ကိုင်းတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က လက်ပံတောင်းတောင် စီမံကိန်းအနီးမှာရှိတဲ့ ၀က်မှေးကျေးရွာက နေအိမ် ၇ လုံး ပြောင်းရွှေ့ရာမှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအကြား ရုန်းရင်းဆန်ခတ် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဒေသခံတချို့ တရားစွဲဆိုခံခဲ့ရပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ မြင့်နိုင် အပါအ၀င် တိုင်းအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကြေးနီစီမံကိန်းကိစ္စ ပြည်သူတွေ မနစ်နာအောင် ဆောင်ရွက်မည် ကြေးနီစီမံကိန်းကိစ္စ ပြည်သူတွေ မနစ်နာအောင် ဆောင်ရွက်မည် Reviewed by THITHTOOLWIN on 19:34 Rating: 5
Powered by Blogger.