ဖားကန့်ဒေသ ဥရုချောင်းအတွင်း ရေထုညစ်ညမ်းမှုကြောင့် ငါးများရှားပါးနေ


ဖားကန့် ဇွန် ၂၄

ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသ၌ ရွှေနှင့်ကျောက်မျက်တူးဖော်မှုများ၊ အမှိုက်စွန့်ပစ်မှုများကြောင့် ဥရုချောင်းအတွင်းမှရေများ နောက်ကျိညစ်ညမ်းလာပြီး ငါးနှင့် အခြားရေနေသတ္တဝါများ ရှားပါးလာကာ ဒေသခံများ အနေဖြင့် အခြားဒေသများမှ ငါးများကို ဝယ်ယူစားသုံးနေ ကြရကြောင်း သိရသည်။

''လွန်ခဲ့တဲ့ နှစ် ၂ဝ ဝန်းကျင်လောက်က ဥရုချောင်းထဲ ငါးကြင်းကြီးတွေ၊ ငါးရွေးကြီးတွေနဲ့ တခြားရေနေသတ္တဝါတွေ အများကြီးရှိခဲ့တယ်၊ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း ကျောက်မျက် တူးဖော်ရေးတွေလုပ်လာပြီး တဖြည်းဖြည်းနဲ့ ငါးတွေရှားပါး သွားတယ်''ဟု ဖားကန့်တွင် နှစ် ၄ဝ ကျော် နေထိုင်ခဲ့သူ ဦးစိုးနိုင်ဦးက ပြောသည်။

လက်ရှိတွင် ငါးလုပ်ငန်းလုပ်ကိုင်သူနှင့် ငါးရှာသူအချို့ ရှိသော်လည်း တစ်ဝမ်းတစ်ခါးအတွက်ပင် မလွယ်ကူကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်းတွင် ချောင်းရေ၏အရည်အသွေး အဆိုးရွားဆုံး ထိခိုက်လာပြီး သဘာဝရေအရင်းအမြစ်များပါ ဆုံးရှုံးခဲ့သည့်အတွက် ငါးများမရှိတော့ကြောင်း၊ ဒေသ၏ ငါးစားသုံးမှုအတွက် မိုးကောင်း၊ အင်းတော်ကြီးဒေသနှင့် အောက်ပိုင်းမှ ရေခဲရိုက်ငါးများ တင်သွင်းနေရပြီး လက်ရှိ ငါးတစ်ပိဿာလျှင် ၆ဝဝဝ ကျပ်၊ ခုတ်သားတစ်ပိဿာလျှင် ၈ဝဝဝ ကျပ် ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနေရကြောင်း လည်း ၄င်းက ဆက်ပြောပြသည်။

ရေထုညစ်ညမ်းနေမှုနှင့်ပတ်သက်၍ ကချင်ပြည်နယ် ရေ အရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဆရာဦးလကျုံဟောင်းခေါင်က ''ဖားကန့်ဒေသက ဥရုချောင်း ဟာ သေချာသလောက်နီးပါးကို ရေထုညစ်ညမ်းမှု ဖြစ်နေ တယ်လို့ ယူဆပါတယ်၊ ဘာလို့ဆို ချောင်းထဲစွန့်တဲ့အမှိုက်တွေ နဲ့ စွန့်ပစ်မြေစာတွေ၊ ရွှေမျောတိုက်ရာမှာ အသုံးပြုတဲ့ ပြဒါး တွေက ချောင်းထဲပဲသွားနေတော့ ရေသောက်လို့ မရတော့ ဘူး၊ ငါးဖမ်းစားလို့လည်း မရတော့ဘူး၊ ဒါဟာ ရေရှည်မှာ ပိုမို ဆိုးရွားသွားနိုင်တယ်လို့ မြင်ပါတယ်''ဟု ပြောကြားသည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများသည် ရေသယံဇာတကို ဆိုးရွားစွာထိခိုက်စေသည့် အဓိကအချက်ဖြစ်ပြီး ရွှေရှာရာ တွင်သုံးသည့် ပြဒါးသည် ငါးမျိုးစိတ်များကို မျိုးတုံးစေ သကဲ့သို့ လူများ ပြဒါးအဆိပ်သင့်ပါက ဗဟိုအာရုံကြောစနစ်ကို ထိခိုက်ကာ မျိုးဆက်မအောင်သည့် အခြေအနေမျိုးအပြင် အသက်အ္တရာယ်ပါ ထိခိုက်နိုင်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ဖားကန့်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီ လဆိုင်းက ''အရင်ကဆိုရင် ဒီဥရုချောင်းရေကိုပဲ သောက် သုံးရသလို ချောင်းထဲကငါးတွေကိုပဲ ဒေသခံတွေက မှီခို စားသုံးရတာပေါ့၊ အခုတော့ ဒေသခံတွေက ကော်ဖီချောင်းလို့ ခေါ်တာပေါ့၊ ချောင်းဖျားပိုင်း မှော်ပုံရွာအောက်ဘက်ကစပြီး တော့ ရေတွေက နောက်ကျိလာတယ်၊ အဲဒီအခါကျတော့ ဘာငါးမှ မနေနိုင်ပါဘူး''ဟု ဆိုသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂ဝ၁၇ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ စစ်တမ်းကောက်ယူမှု စာရင်း ဇယားများအရ ဖားကန့်ဒေသတွင် ငါး၊ ပုစွန် မွေးမြူရေးကန် ၆၈ ခု၊ ဧကပေါင်း ၁၁၅ ဒသမ ၅၄ မှ ငါး ၇၇ ဒသမ ၂၁၉ ပိဿာ ထွက်ရှိနေပြီး ဒေသခံလူဦးရေ ၁၂၅ဝ၃၃ ဦးနှင့် ရွှေ့ပြောင်း လုပ်သား တစ်သိန်းခွဲခန့်၏ ငါးစားသုံးမှုအတွက် လုံလောက်မှု မရှိကြောင်း သိရသည်။

ဥရုချောင်းတစ်လျှောက် ရွှေတူးဖော်မှုလုပ်ငန်းများနှင့် ဆက်စပ်၍ ရေသယံဇာတနှင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု များကို WCS စင်ကာပူအခြေစိုက်INGO အဖွဲ့အစည်း တစ်ခုနှင့် ဒေသခံအဖွဲ့အစည်းတစ်ခုတို့ ပူးပေါင်း၍ ကာလတို စစ်တမ်းကောက်ယူလျက်ရှိကြောင်းလည်း သိရသည်။
ဥရုချောင်းသည် ဖားကန့်မြို့နယ်အတွင်း ကံဆီးဒေသ လမာဘွမ်တွင် မြစ်ဖျားခံ စီးဆင်းလာကာ လုံးခင်း၊ ဖားကန့်မြို့၊ ဟောင်ပါးနှင့် ဆယ်ဇင်းကျေးရွာများကို ဖြတ်သန်းစီးဆင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ချင်းတွင်းမြစ် အတွင်းသို့ စီးဝင်၍ ရေမိုင် ၁၂ဝ ခန့် ရှည်လျားသည့် ချောင်း တစ်ခုဖြစ်သော်လည်း ယခုအခါတွင် ရေထုညစ်ညမ်းနေသည့် အတွက် ငါးများ တစ်နေ့ထက်တစ်နေ့ ပို၍ရှားပါးလာလျက် ရှိကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဖားကန့်ဒေသ ဥရုချောင်းအတွင်း ရေထုညစ်ညမ်းမှုကြောင့် ငါးများရှားပါးနေ ဖားကန့်ဒေသ ဥရုချောင်းအတွင်း ရေထုညစ်ညမ်းမှုကြောင့် ငါးများရှားပါးနေ Reviewed by THITHTOOLWIN on 11:13 Rating: 5
Powered by Blogger.