ရေဘေးကြောင့် နှစ်ပတ်အတွင်း ၂၁ ဦး သေဆုံး

င်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာ ၂၀၁၈ ဇွန်လ ၁၄ ရက်နေ့က ရေကြီးနေတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ Photo: Myanmar Fire Services Department Facebook
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုမှာ ရေကြီးရေလျှံမှုတွေကြောင့် နှစ်ပတ်အတွင်း လူ ၂၁ ယောက် သေဆုံးခဲ့ပြီး လူဦးရေ ၄ သောင်း ၄ ထောင်နီးပါး ရေဘေးသင့်ခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ပြောပါတယ်။

မကွေးတိုင်း၊ ရခိုင်ပြည်နယ် နဲ့ မွန်ပြည်နယ်တွေမှာ ရေဘေးသင့်လူဦးရေ အများဆုံးဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

"စုစုပေါင်းဆိုရင် အိမ်ထောင်စုက ၁၁,၀၀၀ ကျော်၊ လူဦးရေကကျတော့ ၄၄,၀၀၀ နီးပါး၊ မကွေးက များခဲ့တယ်ပေါ့၊ အိမ်ထောင်စုက ၄,၄၀၀ ကျော်ရှိတယ်၊ လူဦးရေကကျတော့ ၁၇,၀၀၀ ကျော်လောက် ရှိတယ်၊ ရခိုင်ဆိုရင် အိမ်ထောင်စုက ၃,၃၀၀ ကျော်၊ လူဦးရေက ၁၄,၀၀၀ ကျော်၊ မွန်ကကျတော့ အိမ်ထောင်စုက ၂,၉၀၀ ကျော်ပေါ့နော်၊ လူဦးရေက ၇,၉၀၀ လောက်၊ သေဆုံးတဲ့သူကကျတော့ စုစုပေါင်း ၂၁ ဦးရှိတယ်"

ရေဘေးကြောင့် သေဆုံးသူတွေဟာ မကွေးတိုင်းမှာ ၉ ယောက်၊ ရခိုင်ပြည်နယ်မှာ ၇ ယောက်၊ စစ်ကိုင်းတိုင်းမှာ ၂ ယောက် ၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ၁ ယောက်စီ စုစုပေါင်းသေဆုံးသူ ၂၁ ယောက် ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကစပြီး ဒီနေ့ ဇွန်လ ၁၉ ရက်နေ့အထိ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူး၊ ကရင်၊ ရခိုင်၊ မွန်၊ ကချင်၊ ကယားနဲ့ ရှမ်း စတဲ့တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ဒဏ်ရာရသူ စုစုပေါင်း ၄ ယောက် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးခဲ့တာကြောင့် ပြိုကျပျက်စီးသွားတဲ့ မော်လမြိုင်မြို့က ကျိုက်သလ္လံစေတီတော် ရင်ပြင်နဲ့ ကုန်းမြေ ပြန်လည်ပြုပြင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ငွေကျပ် သိန်း ၁,၀၀၀ လှူဒါန်းထားတယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကျိုက်သလ္လံစေတီတော်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီနေ့ သွားရောက်ပြီး ဘိလပ်မြေအိတ်တွေနဲ့ ငွေကျပ်သိန်းတစ်ရာနီးပါး လှူဒါန်းခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ကျား ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရေဘေးကြောင့် နှစ်ပတ်အတွင်း ၂၁ ဦး သေဆုံး ရေဘေးကြောင့် နှစ်ပတ်အတွင်း ၂၁ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.