မိုးကောင်း-ဖားကန့်လမ်း အုတ်ကျင်းကျေးရွာအနီး ကားလမ်းဘေး၌ ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိ


မိုးကောင်း ဇွန် ၂၄

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ အုတ်ကျင်းကျေးရွာအနီး မိုးကောင်း-ဖားကန့် ကားလမ်းဘေး၌ ဇွန်၂၄ရက် ၁နာရီခွဲက မပေါက်ကွဲသေးသည့် ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲပိုင်းက မိုးကောင်း-ဖားကန့်သွား ကားလမ်းမပေါ်ရှိ အုတ်ကျင်းကျေးရွာအနီး မိုင်တိုင်အမှတ်(၃၉၅ နှင့် ၃၉၆)ကြား၌ လမ်းဦးစီးဌာနမှ လမ်းခင်းဆောင်ရွက်နေစဉ် လမ်းလုပ်​သား မျိုး​အောင်​(၁၅)နှစ်မှ လမ်းဘေးဇီးခြုံအတွင်း ကြွပ်ကြွပ်အိတ်အမည်းရောင်နှင့် ထုတ်လျက် မိုင်းဟုမသင်္ကာဘွယ်တွေ့ရှိရ၍ အုတ်ကျင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှတဆင့် မြို့နယ်ရဲတပ်ဖွဲ့သို့ အကြောင်းကြားရာမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက နယ်မြေခံ စစ်အင်ဂျင်နီယာတပ်သို့အကြောင်းကြားကာ ရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ခြင်းကြောင့် မွန်းလွဲ(၃)နာရီတွင် အဆိုပါချိန်ကိုက်မိုင်းအား ရှင်းလင်းပြီးစီးခဲ့သည်။

အဆိုပါမိုင်းအမျိုးအစားမှာ အချင်း ၄ လက်မ၊အမြင့် ၈ လက်မအရွယ်ရှိ ကားစလစ်အတွင်း TMT ယမ်းပျော့ထည့်သွင်းပြီး ကော့တက်ယမ်းကြိုး တပ်ဆင်ကာ Receiver ဆားကစ်အား AA ဓာတ်ခဲ ၅ လုံးနှင့်ချိတ်ဆက်၍ အဝေးထိန်းဖောက်ခွဲရန် စီစဉ်ထားခြင်းဖြစ်ကြောင်း နယ်မြေခံစစ် အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးမင်းတင်ဦးက ရှင်းလင်းပြောကြားပြီး ၎င်းတွေ့ရှိခဲ့သည့်ချိန်ကိုက်မိုင်းအား နယ်မြေခံစစ်အင်ဂျင်နီယာတပ်၌ စနစ်တကျသိမ်းဆည်းထားကြောင်း သိရသည်။

ဝင်းနိုင် - ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးကောင်း-ဖားကန့်လမ်း အုတ်ကျင်းကျေးရွာအနီး ကားလမ်းဘေး၌ ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိ မိုးကောင်း-ဖားကန့်လမ်း အုတ်ကျင်းကျေးရွာအနီး ကားလမ်းဘေး၌ ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိ Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.