ရခိုင်ရေဘေးအတွင်း သေဆုံးသူ ၇ ဦးထိရှိလာ

(Photo: Htoot May Post)
နိရဉ္စရာ၊ ဇွန် ၁၆

ရခိုင်ပြည်နယ်၏ လတ်တလောဖြစ်ပေါ်နေသည့် ရေဘေးအတွင်း သေဆုံးသူမှာ ခုနှစ်ဦးထိ ရှိလာပြီ ဖြစ်သည်။

သေဆုံးများမှာ စစ်တွေတွင် ၂ ဦး၊ တောင်ကုတ်မြို့နယ်တွင် ၂ ဦး၊ အမ်းမြို့နယ်တွင် ၂ ဦးနှင့် မြောက်ဦးမြို့နယ်တွင် တစ်ဦးတို့ ဖြစ်ကြသည်။

စစ်တွေတွင် သေဆုံးသူ နှစ်ဦးထဲမှ တစ်ဦးမှာ စစ်တွေ အနောက်စံပြရပ်ကွက်မှ ငါးဖမ်းရင်း ရေနစ်သေဆုံးသူ ဦးမောင်အေးသန်း (၃၆)နှစ် (ဘ) ဦးကွန်ချုပ် ဖြစ်သည်။ ဇွန် ၁၃ ရက်နေ့ နံနက်က စစ်တွေ ဗုဒ္ဓေါ်မော် ချောင်းတွင် ငါးရှာနေစဉ် ရေစီးပြင်းပြီး ရေနစ်သေဆုံးခဲ့သည်။

စစ်တွေမြို့တွင် နောက်ထပ် သေဆုံးသူ တစ်ဦးမှာ ရွာကြီးမြောက်ရပ်ကွက် ဓူဝံလမ်းကြားနေ စက်လှေ ပဲ့နင်း ဦးခန်းထီး အသက် ၅၀ နှစ်ဖြစ်ပြီး ဆတ်ရိုးကျချောင်း ရောင်နီဦးဆိပ်ကမ်း တစ်ဘက်တွင် ကပ်ထားသော စက်လှေပေါ်မှ ဇွန် ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်က ပြုတ်ကျ သေဆုံးခဲ့သည်ဟု သိရသည်။

တောင်ကုတ်မြို့တွင် သေဆုံးသူ ၂ ဦးမှာ ဟွန်ဒါစက်လှေပိုင်ရှင် ကိုတူး(သဲဆိပ်)နှင့် ဦးမြင့်နိုင်(ဆိပ်ကမ်းသစ်)တို့ ဖြစ်ကြသည်။ သူတို့သည် တစ်ခြား လူ သုံးဦးနှင့်အတူ ကုလရောင်မြစ်ကို ဖြတ်ကူးစဉ် လိုင်းလေထန်ပြီး စက်လှေနစ်မြုပ်ရာမှ သေဆုံးခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့ နှစ်ဦး၏ အလောင်းများကို ဇွန် ၁၄ ရက်နှင့် ၁၅ ရက်များတွင် ရှာဖွေ တွေ့ရှိခဲ့သည်။

အမ်းမြို့နယ် တွင် သေဆုံးခဲ့ရသူ နှစ်ဦးမှာ ကိုဇော်မင်းသိုက်နှင့် မစန္ဒာမောင်နှမ နှစ်ဦးတို့ ဖြစ်ကြပြီး ဇွန်လ ၁၄ ရက် နံနက် ၁၁ နာ ခွဲခန့်က အမ်းမြို့နယ် မဲလက်မောင်းနှင့် ကြိမ်ချောင်းအကြား မိုင်တိုင် ၁၃/၂ တွင် မိုးရေကြီးပြီး တောင်ကျချောင်းရေနှင့် အတူ ကားထဲရေမျောပါသွားပြီး သေဆုံးခဲ့ရသည်။ သေဆုံးသူ နှစ်ဦးမှာ မြေပုံမြို့နယ် ငရွှေပြင် ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်မှ သေဆုံးသူမှာ သံရှင်ပြင်ကျေးရွာမှ ဦးအောင်ကျော်ကြီး (၆၀) နှစ် ဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့က ငါးဖမ်းပိုက်ကို ပြန်ဖော်ရန် သွားစဉ် လေပြင်းတိုက်ပြီး လှေပေါ်လှိမ့်ကျ သေဆုံးခဲ့သည်။ သူ့အလောင်းအား ဇွန်လ ၁၅ ရက် နံနက်က ရှာဖွေတွေ့ရှိခဲ့သည်။

Narinjara
https://www.facebook.com/Narinjara
ရခိုင်ရေဘေးအတွင်း သေဆုံးသူ ၇ ဦးထိရှိလာ ရခိုင်ရေဘေးအတွင်း သေဆုံးသူ ၇ ဦးထိရှိလာ Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.