ရေဘေးကြောင့် လူ ၇ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မှာ မန်းချောင်းရေမြင့်တက်နေတာကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က တွေ့ရစဉ်/ Photo: Myanmar Fire Services Department - fb
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၈ ခုမှာ ရေကြီးပြီး ရေနစ်မြုပ်တာတွေကြောင့် ဇွန်လ ၁၅ ရက်နေ့အထိ သေဆုံးသူ ၇ ယောက်ရှိပြီး ရွှေ့ပြောင်းရသူ ၁ သောင်းကျော်ရှိတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲ့ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ဇွန်လ ၁၁ ရက်ကနေ ၁၅ ရက်နေ့အထိ စာရင်းတွေအရ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေကြီးတာကြောင့် နေအိမ်ပေါင်း ၄၄ဝဝ ကျော်ရေနစ်မြုပ်ပြီး လူဦးရေ တစ်သောင်းသုံးထောင်ကျော် ရွှေ့ပြောင်းနေရပါတယ်။

စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ကရင်၊ ဧရာဝတီ၊ ရခိုင်၊ ရှမ်းနဲ့ ကယား စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရေဘေးဒဏ် ခံနေရတာဖြစ်ပြီး မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့၊ ရခိုင်ပြည်နယ်မှာတော့ ရွှေ့ပြောင်းရသူ အများဆုံးဖြစ်ပါတယ်။

သေဆုံးသူတွေကတော့ မကွေးတိုင်းဒေသကြီးက ၅ ယောက်၊ စစ်ကိုင်းတိုင်းဒေသကြီးက ၁ ယောက်နဲ့ ရခိုင်ပြည်နယ်က ၁ ယောက် ဖြစ်ပါတယ်။ ရေစီးနဲ့မျောပါတာ မြေပြိုတာတွေကြောင့် သေဆုံးတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့တွေမှာ ရေဘေးအန္တရာယ်ကြုံနေရတာကြောင့် စာသင်ကျောင်းပေါင်း ၂ဝဝ ကျော်လည်း ပိတ်ထားရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်ခဲ့ပြီး အဲဒီအရှိန်ကြောင့် ဇွန်လ ၁၄ ရက်အထိ မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ရေကြီးတာ၊ တောင်ပေါ်ဒေသတွေမှာ မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့တာပါ။

RFA Burmese
https://www.rfa.org/burmese
ရေဘေးကြောင့် လူ ၇ ဦး သေဆုံး ရေဘေးကြောင့် လူ ၇ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.