သက်ငယ်မုဒိန်းကျူးလွန်သူကို သေဒဏ်ပေးနိုင်ရေးအဆို မှတ်တမ်းတင်

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို သေဒဏ်ချမှတ်နိုင်ရေး တင်သွင်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူများတာကြောင့် လွှတ်တော်မှာ မှတ်တမ်းအဖြစ်သာ ထားရှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီအဆိုကို ကိုယ်စားလှယ် ၄ ဦးက ဆွေးနွေးခဲ့ပြီးနောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မှတ်တမ်းတင်သင့်ကြောင်း တင်ပြခဲ့ပါတယ်။

"မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် သက်ငယ်မုဒိန်းမှုများနဲ့ စပ်လျဉ်း၍ သေဒဏ်ပါရှိသော အထူးဥပဒေတရပ် ပြဌာန်းသင့် မသင့်ကို ကျယ်ပြန့်စွာစဉ်းစားသင့်တယ်လို့ သဘောရရှိကြောင်း ကျနော်တို့ထံ ကိုပြန်ကြားပေးပါတယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးရဲ့ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး အဆို တင်သွင်းမှုဟာ အခုအချိန်ဟာ တကယ့်အချိန်ကိုက်ဖြစ်နေပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ တိုက်တွန်း ချက်ဟာ နိုင်ငံတော်အစိုးရရဲ့ လက်ရှိဆောင်ရွက်မှုများနဲ့ ကိုက်ညီပြီးဖြစ်နေပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်၏ အဆိုတင်သွင်းမှုကို မှတ်တမ်းအဖြစ်သာထားရှိပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် ရှင်းလင်းအပ် ပါတယ်ခင်ဗျာ"

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို ထိရောက်စွာ ဟန့်တားနိုင်ဖို့ အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ အဲဒီဥပဒေထဲမှာ ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်တဲ့ အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ကလေးသူငယ်တွေ မုဒိန်းပြုကျင့်ခံရမှုဟာ လျော့နည်းသွားခြင်းမရှိဘဲ တဖြည်းဖြည်းများလာပြီး ဒေသအလိုက်ဆိုရင် ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပွားကာ ဧရာဝတီတိုင်းမှာ ဒုတိယ အများဆုံး ဖြစ်နေတယ်လို့ တင်ပြခဲ့ပါတယ်။ ဒါ့အပြင် ဖြစ်ပွားမှုများတဲ့ ဒေသတွေမှာ အဖွဲ့အစည်းအားလုံးပူးပေါင်းပြီး စီမံချက်ချမှတ် ဆောင်ရွက်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ပါတယ်။

ဒုတိယဝန်ကြီး ဦးစိုးအောင်ရဲ့ တင်ပြချက်တွေအရ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းမှာ ကလေးသူငယ်တွေအပေါ် မုဒိန်းပြုကျင့်မှုကို ထောင်ဒဏ် နှစ် ၂ဝ ဖြစ်စေ အကျဉ်းထောင်ထဲမှာ အသက်သေဆုံးတဲ့အထိ ကျခံရမယ့် တသက်တကျွန်းဖြစ်စေ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အဲဒီအဆိုကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ့ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၂၂၇ မဲ ရရှိတာကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
သက်ငယ်မုဒိန်းကျူးလွန်သူကို သေဒဏ်ပေးနိုင်ရေးအဆို မှတ်တမ်းတင် သက်ငယ်မုဒိန်းကျူးလွန်သူကို သေဒဏ်ပေးနိုင်ရေးအဆို မှတ်တမ်းတင် Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.