တပ်မတော်ကိုလှူဒါန်းခဲ့တဲ့ အလှူငွေတွေဘယ်မှာသုံးသလဲ ကီရင်ဘီယာ ပြန်လည်စိစစ်

၂ဝ၁၇ စက်တင်ဘာ ၁ ရက်နေ့က ရခိုင်အကြမ်းဖက်မှုဒဏ်ခံရသူများ အကူညီပေးရေး အလှူငွေများကို ကာကွယ်ရေးဦးစီးချုပ် လက်ခံနေစဉ်/ Photo : Senior General Min Aung Hlaing - facebook
ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးကာလတွေအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဒဏ် ခံစားခဲ့ရတဲ့ ဒုက္ခသည်တွေ အတွက် လှူဒါန်းခဲ့တဲ့ ငွေကြေးတွေနဲ့ပတ်သက်လို့ ဒုက္ခသည်တွေထံ ရောက်မရောက် ဂျပန်ဘီယာကုမ္ပဏီတခုဖြစ်တဲ့ ကီရင်ဘီယာကုမ္ပဏီက စုံစမ်းနေတယ်လို့ ဒီကနေ့ တိုကျိုက လာတဲ့ AP သတင်းမှာ ရေးသားထားပါတယ်။

ဗြိတိန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး AI က ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက် မှုတွေအတွင်း ကီရင်ဘီယာကုမ္ပဏီရဲ့ လက်အောက်ခံဖြစ်တဲ့ မြန်မာဘီယာလုပ်ငန်းဟာ အကြမ်းဖက်မှုကျုးလွန်တယ် လို့ စွပ်စွဲခံရတဲ့ တပ်မတော်ကို ငွေကြေးလှူဒါန်းခဲ့တဲ့အတွက် ဒီငွေလှူတာနဲ့ ပတ်သက်လို့ ဂျပန်အာဏာပိုင်တွေ အနေနဲ့ ဖော်ထုတ်အရေးယူပေးဖို့ ဒီနေ့ ကြေညာချက်ထုတ် တောင်းဆိုခဲ့အပြီး အခုလို စုံစမ်းစစ်ဆေးတာတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ကီရင်ဘီယာကုမ္ပဏီအနေနဲ့ ငွေကြေးလှူဒါန်းခဲ့တာ မှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး နောင်လှူဒါန်းတဲ့အခါ ဘယ်အတွက် အသုံးပြုတယ်ဆိုတာ စစ်ဆေးပြီးမှ လှူဒါန်းမယ့်အကြောင်း၊ အခုစုံစမ်းစစ်ဆေးမှုတွေ မပြီးမချင်း ငွေလှူဒါန်းတာတွေ ရပ်ဆိုင်းထားမယ်လို့ ဒီနေ့ အကြောင်းပြန်ပါတယ်။

မနှစ်က အောက်တိုဘာလမှာ မြန်မာဘီယာကုမ္ပဏီဟာ အကြမ်းဖက်မှုဒဏ်ခံရတဲ့ ရခိုင်ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၆ ထောင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်လှူဒါန်းခဲ့တာကို  ရုပ်သံမှတ်တမ်းနဲ့ ဖော်ပြခဲ့ပါတယ်။

ဂျပန်ကုမ္ပဏီတွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ငန်းတွေမှာ ငွေကြေးအကူအညီ ပေးအပ်လှူဒါန်းတာတွေ မလုပ်မိဖို့ စိစစ်တားမြစ်ဖို့ ဂျပန်နိုင်ငံမှာ တာဝန်ရှိတယ်လို့  AI အဖွဲ့ရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ပြောပါတယ်။

အလှူပွဲမှာပါဝင်လှူဒါန်းတာဟာ မြန်မာလုပ်ငန်းရှင်ဖက်ကရှိတဲ့ ယုံကြည်မှုနဲ့ တောင်းဆိုမှုကြောင့်ဖြစ်ပြီး မြန်မာဘီယာကုမ္ပဏီအနေနဲ့ စစ်ဖက်သုံးဖို့ ဘယ်လိုအခြေအနေမျိုးမှာမှ ငွေကြေးလှူဒါန်းတာတွေမလုပ်ဖို့ တားမြစ်ထားကြောင်း ကီရင်ကုမ္ပဏီအကြီးကဲက ပြောပါတယ်။

ကီရင်ဘီယာကုမ္ပဏီဟာ ၂ဝ၁၅ ကတည်းက စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုကတဆင့် အမေရိကန်ဒေါ်လာ သန်း ၅၆ဝ နဲ့ညီတဲ့ မြန်မာဘီယာရဲ့ အစုရှယ်ယာ ၅၅ ရာခိုင်နှုန်း ဝယ်ယူပိုင်ဆိုင်ထားပါတယ်။

RFA Burmese
https://www.rfa.org/burmese
တပ်မတော်ကိုလှူဒါန်းခဲ့တဲ့ အလှူငွေတွေဘယ်မှာသုံးသလဲ ကီရင်ဘီယာ ပြန်လည်စိစစ် တပ်မတော်ကိုလှူဒါန်းခဲ့တဲ့ အလှူငွေတွေဘယ်မှာသုံးသလဲ ကီရင်ဘီယာ ပြန်လည်စိစစ် Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.