USAID အကူအညီ သက်ရောက်မှု ဘာဖြစ်လာမလဲ

 မြစ်ကြီးနားမြို့နားကို ရောက်လာတဲ့ အိုးအိမ်စွန့်ခွာခဲ့ရသူတွေ
အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ဖြိုးမှု ဆိုင်ရာ အကူအညီပေးရေး အဖွဲ့ USAID က မြန်မာနိုင်ငံ ကို အကူအညီတွေ ဆက်လက် ပေးသွားမှာနဲ့ ပတ်သက်လို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားနေသူတွေ ကြား ကြိုဆိုပေမယ့် သက်ရောက်မှုတွေ ကို အမြဲသုံးသပ်မှု လိုတယ်လို့ ထောက်ပြနေပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ USAID အဖွဲ့ရဲ့အကြီးအကဲ မိုက်ခ် ဂရင်း က စိန်ခေါ်မှုတွေ ရှိနေတဲ့အချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ဆက်သွယ် ဆောင်ရွက်မှုတွေ ကို ယုံကြည်တယ်၊ ဖွံ့ဖြိုးရေး ဆိုင်ရာ၊ လူသားချင်း ကူညီမှု ဆိုင်ရာ အထောက်အကူတွေ ကို ယုံကြည်တယ်၊ အမေရိကန်က လက်ရှိအခြေအနေတွေ ထဲ က နေ နောက်ဆုတ်သွားတာက အဲဒီစိန်ခေါ်မှုတွေအတွက် ပို ကောင်းလာလိမ့်မယ်လို့ မမြင်ဘူးလို့ ပြောရင်း မြန်မာနိုင်ငံကို အကူအညီတွေ ဆက်ပေး သွားမယ်လို့ ပြောခဲ့ပါတယ်။

လောလောဆယ် ပဋိပက္ခဖြစ်နေတဲ့ အရပ်ဒေသတွေမှာ အကူအညီလိုနေသူတွေအတွက် လူသားချင်းစာနာမှု ဆိုင်ရာ ထောက်ပံ့နိုင်ဖို့ ဒေါ်လာ ၁၄ သန်း ကူညီသွားမယ် လို့လည်း သူ က ကြေညာခဲ့ပါတယ်။

USAID အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး စတဲ့ ကဏ္ဍတွေအပါအဝင် အတော်များများ နေရာတွေမှာ အကူအညီတွေ ပေးနေခဲ့ရာမှာ ဒေါ်လာ သန်းရာနဲ့ချီ အကူအညီပေးနေတဲ့ အဖွဲ့ပါ။
လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ရှိနေဆဲ
မြန်မာနိုင်ငံရဲ့လူမျိုးစု ဒေသတချို့မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ လောလောဆယ် ကာလအတွင်းမှာပဲ ထောင်နဲ့ချီရှိသလို ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ လူပေါင်း သိန်းနဲ့ချီ ရှိနေတာပါ။

ရခိုင်ပြည်မြောက်ပိုင်းမှာလည်း သိန်းနဲ့ချီတဲ့ မွတ်ဆလင်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အရေး ကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက လူမျိုးရေး ရှင်းလင်းမှု တခုအဖြစ် သတ်မှတ်ကာ စိုးရိမ်မကင်းဖြစ်နေတာပါ။

အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များနေတဲ့ မြန်မာနိုင်ငံ ကို အကူအညီ ပေးရေးနဲ့ပတ်သက်လို့ သက်ရောက်မှုတွေ ဘယ်လိုရှိလာမလဲဆိုတာ ကို စောင့်ကြည့်သုံးသပ်သူတွေ အများအပြားရှိနေပါတယ်။

အခုလို USAID က အကူအညီတွေ ဆက်ပေးမယ်ဆိုတာနဲ့ ပတ်သက်လို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ မချယ်ရီဇဟောင်း က နိုင်ငံအနေနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ လိုအပ်နေတာမို့ USAID က ဆက်လက်ကူညီ ဆောင်ရွက်တာကို လက်ခံကြိုဆိုပေမယ့် စစ်တပ်က ကျူးလွန်မှုတွေ ကို နိုင်ငံတကာက လျစ်လျူမရှုသင့်ကြောင်းနဲ့ ဒီအကူအညီတွေ ပေးနေတာနဲ့ တပြိုင်နက် ကျူးလွန်သူတွေကို မျက်ကွယ်ပြုနေသလား ဆိုတာ ကို ကူညီသူတွေ အနေနဲ့အမြဲတမ်း ဆန်းစစ် သုံးသပ်ဖို့ လိုကြောင်း ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
USAID အကူအညီ သက်ရောက်မှု ဘာဖြစ်လာမလဲ USAID အကူအညီ သက်ရောက်မှု ဘာဖြစ်လာမလဲ Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.