အောင်လော့ဒ်က စစ်ဘေးဒုက္ခသည် ၂၀၀ ကျော် မြစ်ကြီးနားရောက်

တိုက်ပွဲတွေကြားပိတ်မိနေသော လိုင်နောင်ခူးဒေသက လွတ်မြောက်လာတဲ့သူတွေကို ၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့က တွေ့ရစဉ်/ Photo: Kachin Youth Movement's Facebook
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အောင်လောဒ့်ကျေးရွာက စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ဟာ ဒီနေ့ ညနေပိုင်းမှာ မြစ်ကြီးနားမြို့ပေါ်ကို ရောက်ရှိလာတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောပါတယ်။

ဒုက္ခသည်တွေက ၃ ပတ်နီးပါး လမ်းလျှောက်လာကြတာဖြစ်တယ်လို့ ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောပါတယ်။

“ဒီနေ့ရောက်တယ်။ ကျနော်တို့အခုပဲ သူတို့ကို လာပြုစုရင်းနဲ့ သူတို့ရဲ့ စားဝတ်နေရေးကို လာ လုပ်ပေးနေရတယ်။ သူတို့ဘာသာသူတို့ ထွက်လာတာ။ ဒေသအေးချမ်းတဲ့အထိတော့ ခဏနေရမှာပေါ့။ ကျနော်တို့ အသင်းတော်တွေက သူတို့ကို စောင့်ရှောက်ထားပါတယ်။ သူတို့က အခု ၃ ပတ်လောက် လမ်းလျှောက်လာရတယ်ဆိုတော့ ခြေထောက်တွေယောင် အဟာရတွေချို့တဲ့ပြီးတော့ အခုဒီမှာ သူတို့က သနားစရာကောင်းကြတာပေါ့။”

တိုက်ပွဲဖြစ်ပွားရာနေရာတွေကနေ ပြီးခဲ့တဲ့ဧပြီလက စတင်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်ရှောင်လာကြတာကြောင့် လက်ရှိမြစ်ကြီးနားမြို့မှာ စစ်ဘေးတိမ်းရှောင်လာသူ စုစုပေါင်း တစ်ထောင်ကျော်  ရှိနေပြီလို့ပြောပါတယ်။

မနေ့က ဖားကန့်မြို့နယ်၊ မန်ဝယ်မှာ ပိတ်မိနေတဲ့ ပြည်သူ ၁၂၅ ဦးကို အစိုးရက သွားရောက်ခေါ်ဆောင်ခဲ့ပြီး မိုးကောင်း၊ ကာမိုင်း၊ မိုးညှင်း၊ မြစ်ကြီးနား စတဲ့ ဒေသတွေက ဆွေမျိုးတွေရဲ့ နေအိမ်တွေကို ပြန်ပို့ပေးခဲ့ပါတယ်။

ဒုက္ခသည်စခန်းမှာ နေရာချထားတာ မဟုတ်ဘဲ ဆွေးမျိုးနီးစပ်ရာတွေကို ပို့ဆောင်ပေးလိုက်တာကြောင့် စားဝတ်နေရေး အခက်အခဲရှိနိုင်တယ်လို့လည်း ဒေါက်တာဆမ်ဆွန် ကပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာမယ်ဆိုရင် အင်ဂျန်းယန်၊ အောင်လော့ဒ်နဲ့ မေခနဲ့ မလိခမြစ်ကြောင်း တလျှောက်ရွာတွေက ဒေသခံတွေအတွက် စိုးရိမ်ရတဲ့ အခြေအနေတွေရှိနေသေးတယ်လို့ပြောပါတယ်။

ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေကို ကယ်ထုတ်ရေးအတွက် မြစ်ကြီးနားမြို့ မနောကွင်းမှာ စုဝေးတောင်း ဆိုနေကြတဲ့ ကချင်လူငယ်တွေကလည်း ဒီနေ့ညပိုင်းမှာ နေအိမ်တွေကို ပြန်ကြမှာဖြစ်ပြီး စုဝေးမှုကို ယာယီရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
အောင်လော့ဒ်က စစ်ဘေးဒုက္ခသည် ၂၀၀ ကျော် မြစ်ကြီးနားရောက် အောင်လော့ဒ်က စစ်ဘေးဒုက္ခသည် ၂၀၀ ကျော် မြစ်ကြီးနားရောက် Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.