အသားအရောင် ခွဲခြားမှုပပျောက်ရေး Starbucks သင်တန်းပေးမယ်


ကမ္ဘာကျော် အမေရိကန် Starbucks ကော်ဖီကုမ္ပဏီက အမေရိကန်နိုင်ငံတဝှန်းမှာရှိတဲ့ သူတို့ ကော်ဖီဆိုင် ၈ဝဝဝ ရှစ်ထောင်ခန့်ကို လာမယ့် မေလ ၂၉ ရက်နေ့မှာ ပိတ်ထားပြီး ဝန်ထမ်းတွေကို အသားအရောင်နဲ့ လူမျိုး ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သင်တန်းပို့ချမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖီလ်ဒါဖဲယားမြို့က Starbucks ကော်ဖီဆိုင်ကို လူမည်း ၂ ဦးလာရောက်ပြီး အိမ်သာအသုံးပြုခွင့်တောင်းခံခဲ့ရာမှာ ဆိုင်ဝန်ထမ်းတဦးက ကော်ဖီဝယ်သူသောက်သုံးသူတွေပဲ အိမ်သာကို အသုံးပြုခွင့်ပြုတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီလူမည်း ၂ ဦးက ကော်ဖီဝယ်ခြင်း မပြုပဲ ဆိုင်အတွင်း ဆက်လက်ထိုင်နေခဲ့ရာမှာ ဆိုင်မန်နေဂျာက ရဲတပ်ဖွဲ့ကို ခေါ်ယူပြီး ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီးစေခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီလူ ၂ ဦးကို ရဲက စွဲချက်တင်ခဲ့ခြင်း မရှိပါဖူး။

ဒီပြသနာကြောင့် ဆန္ဒပြကန့်ကွက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပြီးနောက်မှာ ကုမ္ပဏီ CEO အမှုဆောင်အရာရှိချုပ် Kevin Johnson ကယ်ဗင် ဂျွန်ဆင်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေး တောင်းပန်စကားပြောပြီး နိုင်ငံတဝန်းက သူတို့ဆိုင်ဝန်ထမ်း ၂ သိန်းနီးပါးကို နောက်နောက် လူမျိုး အသားအရောင်ခွဲခြားဆက်ဆံမှု မရှိစေရေးအတွက် တရက်ကြာ သင်တန်းပို့ချမယ်လို့ အခုလို ကြေညာခဲ့တာပါ။

ကယ်ဗင် ဂျွန်ဆင်က သူဦးဆောင်တဲ့ အဖွဲ့ဟာ ဒေသခံတွေရဲ့ ပြောစကားတွေကို နားထောင်ခဲ့ကြောင်း၊ မိမိတို့ ကုမ္ပဏီရဲ့ မှားယွင်းမှုကို လေ့လာတွေ့ရှိခဲ့ကြောင်းနဲ့ ဒီပြသနာကို ပြင်ဆင်ဖို့ နည်းလမ်းတွေ သံဓိဌာန်ချမှတ်ခဲ့ကြောင်း ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့တဲ့ အဲဒီ ကော်ဖီဆိုင်က မန်နေဂျာဟာ သူတို့အတွက် ဆက်လက်အလုပ်လုပ်ကိုင်ခြင်း မရှိတော့ပါဖူးလို့ Starbucks ကော်ဖီကုမ္ပဏီက ကြေညာခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အသားအရောင် ခွဲခြားမှုပပျောက်ရေး Starbucks သင်တန်းပေးမယ် အသားအရောင် ခွဲခြားမှုပပျောက်ရေး Starbucks သင်တန်းပေးမယ် Reviewed by THITHTOOLWIN on 07:42 Rating: 5
Powered by Blogger.