ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက NVC ကတ်ကိစ္စ သမ္မတထံ အိတ်ဖွင့်ပေးစာပို့မည်

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ ၂၀၁၈ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ပါတီရုံးချုပ်မှာ သတင်းစာရှင်းလင်းစဉ်။ Photo: Thant Zin Oo/RFA
နိုင်ငံသားစိစစ်မှုသက်သေခံကတ်ပြား NVC(National Verification Card) ကိုင်ဆောင်ထားသူတွေကို တစ်နိုင်ငံလုံး သွားလာခွင့်ပြုလိုက်တဲ့ကိစ္စကို နိုင်ငံတော်သမ္မတထံ ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာပေးပို့မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ က ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ သံလွင်လမ်းမှာရှိတဲ့ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ရုံးချုပ်မှာ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က NVC ကတ် ကိစ္စနဲ့ပတ်သက်ပြီး မကြာခင် ပြန်လည်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာလည်း အရေးကြီးအဆို တင်သွင်းသွားမယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်သင့်ကြောင်း အငြိမ်းစားဝန်ထမ်းတွေကိုလည်း တိုးမြှင့်ပေးသင့်ကြောင်း ပါတီတာဝန်ရှိသူတွေက ပြောကြပါတယ်။

NVC ကတ် ကိုင်ဆောင်ထားသူအားလုံး လူဝင်မှုကြီးကြပ်ရေးပုံစံ ၄ ဖြည့်ပြီးတာနဲ့ တစ်နိုင်ငံလုံးမှာ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်လို့ ဧပြီလ ၁၉ ရက်နေ့က ရန်ကုန်မြို့ NRPC ရုံးမှာပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရီးစဉ်သတင်းစာရှင်းလင်းပွဲမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောခဲ့တာပါ။

အကျဉ်းသားတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့အပေါ် ကြိုဆိုပေမယ့် အကျဉ်းကျနေတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ မပါလာတဲ့အတွက် သာတူညီမျှမရှိဘူးလို့ ပါတီတာဝန်ရှိသူတွေက ဝေဖန်ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဖြစ်တဲ့ ဦးပိုက်ထွေး၊ ဒေါက်တာပွင့်ဆန်း၊  ဦးလှသိန်း၊ ဒေါက်တာနန္ဒာလှမြင့်၊ ဦးသိန်းထွန်းဦးတို့အပြင် ပါတီဝင်တွေလည်း လာရောက်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက NVC ကတ်ကိစ္စ သမ္မတထံ အိတ်ဖွင့်ပေးစာပို့မည် ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက NVC ကတ်ကိစ္စ သမ္မတထံ အိတ်ဖွင့်ပေးစာပို့မည် Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.