မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးတို့အား အဂတိလိုက်စားမှုဖြင့် အလုပ် နှင့် ထောင်ဒဏ်(၁၀)နှစ်ချမှတ်


မန္တလေး၊ ဧပြီ ၂၆၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးမှူးတို့အား ဧပြီလ ၂၆ရက်နေ့က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင်ပြစ်မှုကျူးလွန် ကြောင်း ပေါ်ပေါက်သည့်အတွက် အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ် ကျခံရန် အမိန့်ချခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုဦးစီးမှူး ဦးကျော်ကျော်နိုင်တို့ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၆) တစ်ခုတည်းဖြင့် အမှုတွဲနှစ်တွဲတင်၍ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အမှုတွဲ တစ်တွဲလျှင် အလုပ်နှင့်ထောင်ဒဏ် (၅) နှစ်စီချမှတ်ခဲ့ခြင်းဖြစ်ကာ အမှုတွဲနှစ်ခုအတွက် စုစုပေါင်း (၁၀) နှစ်ကျခံရမည်ဖြစ်သည်။

ယင်းအမှုကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ကတည်းက စစ်ဆေးနေခြင်းဖြစ်ပြီး တရားလိုပြ သက်သေ ၊ တရားခံပြသက်သေ စသည်တို့ကို အကြိမ်ကြိမ် စစ်ဆေးနေသည့်အတွက် ကြန့်ကြာနေခြင်းဖြစ်သည်။ယခု ကျခံသော ပြစ်ဒဏ်သည် အမှုတွဲ တစ်ခုတည်းအတွက်သာ ဖြစ်ပြီး ကျန်အမှုတွဲကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်စိုးနိုင်သည် မန်ကျည်းအင်းကျေးရွာသစ်၌ ပြည်ထဲရေး အမည်ပေါက် ရွာမြေတိုးချဲ့သတ်မှတ်ပေးရန်ကိစ္စနှင့်ပက်သက်ပြီး ယင်းကျေးရွာနေ ဒေသခံများထံမှ လက်ဆောင်ယူခြင်းနှင့် ငွေကျပ် ၅ သိန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့၌လည်းကောင်း ပုဆိုးနှင့် အင်္ကျီအပါအဝင် ငွေကျပ်သိန်း ၃၀ ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ၌ လည်းကောင်း ၊၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း အလီလီလက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒုတိယဦးစီးမှူးဦးကျော်ကျော်နိုင်သည်လည်း ယင်းကျေးရွာ ကိစ္စနှင့်ပက်သက်၍ ၂၀၁၅ ခုနှစ် မေလအတွင်း က ကမ္ဘာအောင်မြေ ကုမ္ပဏီပိုင်ရှင်ထံမှ ငွေကျပ်သိန်း ၅၀ တစ်ကြိမ် ၊ သိန်း ၄၀ တစ်ကြိမ်နှင့် ၃၅ သိန်း တစ်ကြိမ် လက်ခံရယူထားကြောင်း သိရသည်။

နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးတို့အား အဂတိလိုက်စားမှုဖြင့် အလုပ် နှင့် ထောင်ဒဏ်(၁၀)နှစ်ချမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုဦးစီးတို့အား အဂတိလိုက်စားမှုဖြင့် အလုပ် နှင့် ထောင်ဒဏ်(၁၀)နှစ်ချမှတ် Reviewed by THITHTOOLWIN on 21:22 Rating: 5
Powered by Blogger.