ကျောက်ပန်းတောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်


ကျောက်ပန်းတောင်း ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေး ရပ်ကွက် ကျောက်ပန်းတောင်း-ပုပ္ပားလမ်းပေါ်၌ ဧပြီ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး အုတ်ခုံကို တိုက်မိကာ လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့ မြို့မရဲစခန်းမှ ဒုတိယရဲအုပ် ဝင်းဇော်ဟိန်း တာဝန်မှူးအဖြစ် ဆောင်ရွက်နေစဉ် ကျောက်ပန်းတောင်းမြို့ မြို့မရဲစခန်းနှင့် ငါးဖာလုံခန့်အကွာ ကျောက်ပန်းတောင်း-ပုပ္ပားလမ်း ရောင်ခြည် စတိုးရှေ့တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ ရဲမင်းထွန်း အသက်(၂၅)နှစ် စံပြမြို့သစ် ချောက်မြို့နေသူ မောင်းနှင်သည့် ခရီးသည်တင်ယာဉ်သည် ကျောက်ပန်းတောင်း မှ ပုပ္ပားသို့အသွား ရောင်ခြည်စတိုးဆိုင်ရှေ့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လွတ်လပ်ရေးရပ်ကွက် ကျောက်ပန်းတောင်း-ပုပ္ပားလမ်းမ ယာဘက်ဘေး အုတ်ခုံအား ဝင်တိုက်မိကာ လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းပါ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၁၄ ဦးတို့မှာ ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြသဖြင့် ကျောက်ပန်းတောင်းပြည်သူ့ ဆေးရုံသို့လွှဲပို့၍ ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရပြီး သေဆုံးသူမရှိကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်မောင်းအား ကျောက်ပန်းတောင်းမြို့မရဲစခန်းက အရေးယူဆောင်ရွက်သွားရန်စီစဉ်လျက် ရှိကြောင်း သိရသည်။

ကိုနေ(ကျောက်ပန်းတောင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကျောက်ပန်းတောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက် ကျောက်ပန်းတောင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ် တိမ်းမှောက် Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.