ရဲအင်အား ၅ ထောင်ကျော်နဲ့ မန္တလေးသင်္ကြန်ကို လုံခြုံရေးဆောင်ရွက်

မန္တလေးသင်္ကြန် လုံခြုံရေး ဆောင်ရွက်နေတာကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်/ Photo: Mandalay Police - facebook
သင်္ကြန်ကာလအတွင်း မန္တလေးတိုင်းဒေသကြီးမှာ လုံခြုံရေးအနေနဲ့ ရဲတပ်ဖွဲ့ အင်အား ၅ ထောင်ကျော်နဲ့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

သင်္ကြန်အကြိုနေ့ကစပြီး မန္တလေး ၇ မြို့နယ်အပါအ၀င် နေရာ ၂၅ နေရာမှာ ရဲတပ်ဖွဲ့တွေက ပူးပေါင်းအဖွဲ့တွေနဲ့  ပိတ်ဆို့စစ်ဆေးတာတွေ ဆောင်ရွက်နေတဲ့အပြင် တိုက်ခိုက်ရေး ၀တ်စုံယူနီဖောင်းတွေဝတ်ပြီး သင်္ကြန်လည်သူတွေကို သတိပေးတားမြစ်တာတွေ လုပ်ဆောင်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံး ဦးစီး (၁) တာဝန်ခံ ဒုရဲမှူး ခင်မောင်သင်းက ပြောပါတယ်။

"ထူးခြားမှုအနေနဲ့ဆိုရင်တော့ အနက်ရောင် ကျည်ကာဝတ်စုံတွေနဲ့ မျက်နှာဖုံးတွေနဲ့ ဒူးကာတွေ လက်အိတ်တွေ ကော်သေနတ်တွေနဲ့ တပ်မတော်ပုံစံမျိုး အ၀တ်အစားနဲ့ စကားပြောစက်တွေနဲ့ ကားနဲ့လှည်တဲ့ကောင်တွေရှိတယ်၊ သူတို့ကတော့ တပ်မတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ဆိုပြီးတော့ ပိုက်ဆံတွေ အကုန်ခံပြီးတော့ တပ်မတော်သားတွေဝတ်တဲ့ အသုံးအဆောင် တိုက်ခိုက်ရေးဝတ်စုံပုံစံမျိုး အပြည့်အစုံဝတ်ပြီးတော့ ကျနော်တို့က ဒီလိုပဲ ပညာပေးပြီးတော့ ဒီလိုဝတ်စားဆင်ယင်မှု မလုပ်ဖို့ ရှင်းလင်းပြောဆိုပြီးတော့ သင်္ကြန်ကာလပြီးမှ အ၀တ်အစားနဲ့ ပစ္စည်းတွေ ပေးမယ်ပြောပြီး ပြန်လွတ်လိုက်တယ်"

သင်္ကြန်အကြိုနေ့က ပိတ်ဆို့ရှာဖွေရာမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓား၊ သံတုတ်၊ သစ်သားတုတ်၊  ကျောက်လှည့်တွေနဲ့ ပုလင်းခွံတွေအပြင် လောက်လေးခွတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒုရဲမှူး ခင်မောင်သင်းက ပြောပါတယ်။

သင်္ကြန်ကာလမှာ မှုခင်းဖြစ်ပွားတာတွေ မဖြစ်ရအောင် မန္တလေးမြို့ဝင်ဂိတ်တွေကစပြီး ပိတ်ဆို့ရှာဖွေတာတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျူံးဘေးက လမ်းလျှောက်သင်္ကြန်မှာလည်း စီစီတီဗီတွေ တပ်ဆင်ပေးထားပြီး မဏ္ဍပ်တိုင်းမှာလည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေး ချထားဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရဲအင်အား ၅ ထောင်ကျော်နဲ့ မန္တလေးသင်္ကြန်ကို လုံခြုံရေးဆောင်ရွက် ရဲအင်အား ၅ ထောင်ကျော်နဲ့ မန္တလေးသင်္ကြန်ကို လုံခြုံရေးဆောင်ရွက် Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.