နေပြည်တော် သင်္ကြန်

နေပြည်တော် ရခိုင်ရိုးရာ မဟာသင်္ကြန်ရေလောင်းမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်/Photo: Myanmar President Office
အစိုးရအဖွဲ့ရုံးစိုက်တဲ့ နေပြည်တော်မှာ ရခိုင်ရိုးရာသင်္ကြန်မဏ္ဍပ်ကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ မဟာသင်္ကြန် အကျနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်တို့ တက်ရောက်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

"ပျိုအလှနှင့်ခါသင်္ကြန်" လို့ အမည်ပေးထားတဲ့ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်ကို ဒီနှစ်မှာမှ ပထမဆုံးအကြိမ် နေပြည်တော်မှာ ဖွင့်လှစ်တာဖြစ်ပြီး နှစ်စဉ်ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ ရန်ကုန်မြို့က ရခိုင်ရိုးရာသင်္ကြန်မှာလည်း  ရခိုင်မျိုးနွယ်စုတွေထဲက တိုင်းရင်းသားတွေဖြစ် တဲ့ မြို၊ ခမီ၊ သက် စတဲ့ တိုင်းရင်းသားမဏ္ဍပ်တွေကိုလည်း ဒီနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းထားပါတယ်။

အစိုးရ၀န်ကြီးတွေနဲ့ မိသားစုဝင်တွေ ရေကစားကြတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဒိရပ်ကွက်က တိုက်ချီတိုတို့ သင်္ကြန်မဏ္ဍပ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ညနေပိုင်းမှာ ရေကစားပြီး နှစ်သစ်ဆုတောင်းစကား ပြောခဲ့ပါတယ်။

အဲဒီမဏ္ဍပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နေအိမ်လမ်းထိပ်မှာ တည်ရှိတာဖြစ်ပြီး မနှစ်ကလည်း အဲဒီမှာပဲ ရေကစားခဲ့ပါတယ်။

အဲဒီမဏ္ဍပ်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ဇနီး ဒေါ်ချိုချို၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းနဲ့ ပြည်ထောင်စုဝန်ကြီးအချို့လည်း လာရောက်ရေကစား ကြပါတယ်။

ဒီနှစ် နေပြည်တော်သင်္ကြန်မှာ လမ်းလျှောက်သင်္ကြန်ကိုလည်း ပျဉ်းမနားမှာ ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် နေပြည်တော် ဇေယျာသီရိမြို့နယ်မှာလည်း တပ်မိသားစုဝင်တွေရဲ့ တပ်မတော်ရေကစားမဏ္ဍပ်ကို ကျင်းပခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
နေပြည်တော် သင်္ကြန် နေပြည်တော် သင်္ကြန် Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.