သင်္ကြန်အတွင်း အန္တရာယ်မဖြစ်ရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားဟု ပြည်နယ်ရဲမှူးပြော

ကရင်ပြည်နယ်တစ်နေရာ၌ တွေ့မြင်ရသည့် ၂ဝ၁၆ ခုနှစ်က သင်္ကြန်မြင်ကွင်း (ပုံ-ကေအိုင်စီ)
ဧပြီ ၁ဝ ရက် ၊ ၂ဝ၁၈ ခုနှစ်။ စောမြတ်ဦးသာ

ကရင်ပြည် မြို့တော်ဖားအံတွင် မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း အန္တရာယ်ဖြစ်စေ နိုင်သည့် လက်နက်များနှင့် ပြစ်မှုကျူးလွန်နိုင်မည့် အရာဝတ္ထုများကို ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထား သည်ဟု ပြည်နယ်ရဲမှူးကြည်လင်းက ဧပြီ ၁၀ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

၎င်းက “ မြို့ဝင်မြို့ထွက်နေရာတွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ လက်နက်တွေ ရှာဖွေနေတယ်။ ရေကူးကန်၊ မြစ်၊ ချောင်းတွေမှာ အသက်ကယ်ဝတ်စုံတွေနဲ့ စောင့်ရှောက်ပြုလုပ်တာရှိတယ်။ သိပ်ပြီး ဆိုးဆိုးဝါးဝါး ဖြစ်လာ ရင်တော့ တည်ဆဲဥပဒေအရ အရေးယူမယ်။ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့်နဲ့ သူတစ်ပါး အိနြေ္ဒထိခိုက်နစ်နာ အောင် မလုပ်ဆောင်ကြဖို့ပါပဲ” ဟု ကရင်ပြည်နယ် ရဲမှူးကြည်လင်းက ပြောသည်။

အလားတူ သင်္ကြန်ကာလအတွင်း ရေခဲထုပ်၊ မီးသတ်ပိုက်၊ သန့်ရှင်းမှုမရှိသောရေ၊ ဓာတုပစ္စည်း ပါဝင်သည့် ပျော်ရေ၊ အဟန့်အတားဖြစ်စေလောက်အောင်
ယာဉ်များအုပ်စုဖွဲ့ စုပေါင်းပိတ်ဆို့သွားလာခြင်း၊ ယာဉ်အိတ်ဇော ပိုက်ဖြုတ်၍ စက်သံဆူညံအောင် မောင်းနှင်ခြင်း၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများနှင့် အသုံးအဆောင် ပစ္စည်း များယူဆောင်သွားလာခြင်းမပြုရန် ဖားအံမြို့နယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဧပြီ ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ထို့အပြင် ဆိုင်းဘုတ်များ ရေးသားဖော်ပြခြင်းများ၊ ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို ညှိုနွမ်းပျက်စီးစေမည့် ပြုမူပြောဆိုမှုများ စသည့်တားမြစ်ချက်များကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖားအံမြို့နယ် ဂီတအစည်းအရုံးအဖွဲ့ဝင် ကိုမြင့်အောင်က “ဒီနှစ်ကမ်းနားလမ်းမှာ ဗဟိုမဏ္ဍပ်ပြန်လုပ်ထားတယ်။ မြို့ပတ်လမ်းလိုဖြစ်နေတဲ့အခါကျတော့ ယာဉ်အသွားအလာရယ်၊ ချောင်းနဲ့နီးနေတော့ ရေတွေအဆင်ပြေပြီး မနှစ်ကထက် ပိုစည်ကားမယ်။ ပွဲတော်ရက်မှာ အားလုံးစိတ်လွတ်၊ ကိုယ်လွတ် ပျော်ကြမယ်ဆိုတော့ အုပ်စုဖွဲ့ ရန်ဖြစ်တာမျိုးမဖြစ်အောင် လုံခြုံရေးတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြည်နယ်မြို့တော် ဖားအံမြို့တွင် ဗဟိုရေကစားမဏ္ဍပ်တစ်ခု၊ အစိုးရဌာနဆိုင်ရာ သင်္ကြန်ရေကစားမဏ္ဍပ် ၆ ခုနှင့် ရပ်ကွက်အတွင်း ရေကစားမဏ္ဍပ် ၆ ခု တို့ကို တရားဝင်ခွင့်ပြုထားသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများ ထံမှ သိရသည်။

 စောမြတ်ဦးသာ (ကေအိုင်စီ)
http://kicnews.org/
သင်္ကြန်အတွင်း အန္တရာယ်မဖြစ်ရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားဟု ပြည်နယ်ရဲမှူးပြော သင်္ကြန်အတွင်း အန္တရာယ်မဖြစ်ရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားဟု ပြည်နယ်ရဲမှူးပြော Reviewed by THITHTOOLWIN on 22:29 Rating: 5
Powered by Blogger.