မြန်မာ့တပ်မတော်ကို နာမည်ပျက်စာရင်း ကုလသမဂ္ဂ ထည့်သွင်း


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အန်တိုနီယို ဂွတ်တားရက်စ် ရဲ့ ပဋိပက္ခဖြစ်ပွားရာဒေသ လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Patten ပက်တန် က လုံခြုံရေးကောင်စီကို တနင်္လာနေ့က တင်ပြခဲ့တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ မြန်မာ့တပ်မတော်ဟာ ရိုဟင်ဂျာအသိုင်းအဝန်းကို လှောင်ပြောင်နိမ့်ချ အပြစ်ပေးတဲ့အနေနဲ့ အကြမ်းဖက်မှုတွေကို မဟာဗျူဟာချပြီး ကျူးလွန်ခဲ့ကြောင်း နဲ့ အဲဒီလူတွေကို သူတို့မွေးဖွားတဲ့ ဇာတိမြေက အပြီးအပိုင် မောင်းထုတ်ဖို့အတွက် လူမျိုးတုန်း ရှင်းလင်းစစ်ဆင်ရေးတွေကို ဆောင်ရွက်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဒ့ါအပြင် ရိုဟင်ဂျာ ရှေ့နေတဦးကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်ပြသနာကို တားဆီးကာကွယ်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ဒါကြောင့် အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ တခြား ရာဇဝတ်မှုတွေဖြစ်ပွားခဲ့တာကို အရေးယူဖို့ နိုင်ငံတကာတရားရုံးကို လွဲပြောင်းပေးသင့်ကြောင်း လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။ အဲဒီ Sultana ဆူလ်တာနာဆိုတဲ့ လူ့အခွင့်အရေး ရှေ့နေက မြန်မာ့တပ်မတော်ဟာ အမျိုးသမီး တွေကို ရိုဟင်ဂျာလူမျိုးဖြစ်တဲ့အချက် တခုတည်းကြောင့် အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု၊ နှိပ်စက်ငြင်းပမ်းမှုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တင်ပြခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်း နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကြေညာချက် တစောင် မနေ့က ထုတ်ပြန်ခဲ့ရာမှာ ပဋိပက္ခဖြစ်ပွါးရာဒေသတွေမှာ လိင်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ကြောင်း သံသယ ရှိတဲ့ အဖွဲ့အစည်းစာရင်းမှာ မြန်မာ့တပ်မတော်ကို ကုလသမဂ္ဂက ထည့်သွင်းခဲ့ပုံနဲ့ အခုလို မတော်မတရားပြုကျင့်မှုတွေကို ကျူးလွန်ခဲ့ခြင်း မရှိဖူးလို့ မြန်မာ့ တပ်မတော်က ငြင်းဆိုကာ ထိထိရောက်ရောက် အရေးယူလေ့ မရှိကြောင်း ဖေါ်ပြထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ တပ်မတော်ဖက်က ထုတ်ပြန်ပြောဆိုချက် တစုံတရာ မရရှိသေးပါဖူး။

RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာ့တပ်မတော်ကို နာမည်ပျက်စာရင်း ကုလသမဂ္ဂ ထည့်သွင်း မြန်မာ့တပ်မတော်ကို နာမည်ပျက်စာရင်း ကုလသမဂ္ဂ ထည့်သွင်း Reviewed by THITHTOOLWIN on 07:02 Rating: 5
Powered by Blogger.