ကြက်တိုက်လောင်းကစား ပြုလုပ်နေကြသူများကို မော်တော်ယာဉ် (၂)စီး၊ ဆိုင်ကယ်(၇၇) စီးတို့နှင့်အတူ ဖမ်းဆီးရမိ


စစ်ကိုင်း ၉ ဧပြီ

ဧပြီလ (၈) ရက်နေ့ ညနေ(၄)နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာအုပ်စု၊ ကျေးပင်ထူးရွာအနီး ကုက္ကိုပင်အောက်၌ ကြက်တိုက်လောင်းကစား ပြုလုပ်နေကြသော အဖွဲ့အား မော်တော်ယာဉ် (၂) စီး၊ ဆိုင်ကယ် (၇၇) စီးတို့နှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ ကျေးပင်ထူးကျေးရွာနေ ကြက်တိုက်လောင်းကစားဒိုင် ကိုဝင်းအောင် ဦးဆောင်ပြီး ဖောင်းကတာကျေးရွာအုပ်စု ကျေးပင်ထူးရွာအနီး သုံးတဲကုန်းတောတိုက် မြောက်ဘက် မြေကွက်လပ်ရှိ ကုက္ကိုပင်အောက်တွင် ကြက်တိုက်လောင်းကစား ပြုလုပ်နေကြသဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ လောင်းကစား ပြုလုပ်နေကြသူများ ထွက်ပြေးသွားကြသည်။ ထွက်ပြေးသူများ အနက်မှ ကြက်တိုက် လောင်းကစားပြုလုပ်သူ (၁၉)ဦးအား ဖမ်းဆီးရမိခဲ့သည်။

ယင်းတို့အား သက်သေခံ ပစ္စည်းများ ဖြစ်ကြသည့် မော်တော်ယာဉ် (၂)စီး၊ ဆိုင်ကယ် (၇၇)စီး၊ လောင်းကြေးငွေကျပ် (၄၂၄၉၀ဝိ) လေးသိန်းနှစ်သောင်းလေးထောင့်ကိုးရာကျပ်တိတိ၊ ဆင်းကတ်ပါဖုန်း (၇)လုံး၊ တိုက်ကြက် (၇)ကောင် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆားလင်းကြီးမြို့မရဲစခန်းမှ ကြက်တိုက်လောင်းကစားပြုလုပ်ခဲ့ကြသူများအား အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးငယ်(ဆားလင်းကြီး)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ကြက်တိုက်လောင်းကစား ပြုလုပ်နေကြသူများကို မော်တော်ယာဉ် (၂)စီး၊ ဆိုင်ကယ်(၇၇) စီးတို့နှင့်အတူ ဖမ်းဆီးရမိ ကြက်တိုက်လောင်းကစား ပြုလုပ်နေကြသူများကို မော်တော်ယာဉ် (၂)စီး၊ ဆိုင်ကယ်(၇၇) စီးတို့နှင့်အတူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 15:15 Rating: 5
Powered by Blogger.